မော်လမြိုင်မြို့ရှိ မုပွန်နယ်မြေရဲစခန်းမှ အချုပ်ခန်းဖောက်ပြေးသူ သုံးဦးအနက် တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိ

မော်လမြိုင်မြို့ရှိ မုပွန်နယ်မြေရဲစခန်းမှ အချုပ်ခန်းဖောက်ပြေးသူ သုံးဦးအနက် တစ်ဦးကို ပြန်လည်ဖမ်းဆီးရမိ
Published 20 April 2024

မော်လမြိုင်မြို့ရှိ မုပွန်နယ်မြေရဲစခန်းမှ အချုပ်ခန်းဖောက်ပြေးသူ သုံးဦးအနက် တစ်ဦးအား ဧပြီ ၁၉ ရက်က နံနက်ပိုင်းက ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူမျးထံမှ သိရသည်။

ထိုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က အဆိုပါ မုပွန်နယ်မြေရဲစခန်းရှိ အချုပ်ခန်းအတွင်း ချုပ်နှောင်ထားသောအချုပ်သား သုံးဦးက အချုပ်ခန်းအမိုးအား ဖောက်ထွက်ကာ တာဝန်ကျရဲတပ်ဖွဲ့ဝင်ထံမှ သေနတ်အားလုယူကာ ပစ်ခတ်ပြီး ထွက်ပြေးသွားကြကြောင်း သိရသည်။

ထိုသို့ အချုပ်သားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီးထွန်းရှိန် သေဆုံးခဲ့ပြီး အချုပ်သားသုံးဦးသည် M – 16 သေနတ် တစ်လက်နက်နှင့် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သားသုံးဦးအနက်မှ တစ်ဦးအား ဧပြီ ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က မုဒုံမြို့နယ်ကျိုက်ရွဲကျေးရွာ မော်လမြိုင် - မုဒုံကားလမ်းမဘေးတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ပြန်လည်ဖမ်းဆီးရမိခဲ့တဲ့ အချုပ်သားက အသက် (၂၀) နှစ်အရွယ် နေစိုးစံဆိုသူဖြစ်တယ်လို့ သိရတယ်။ သူက မူးယစ်ဆေးဝါးအမှု၊ လုယက်မှုတို့နဲ့ ဖမ်းဆီးချုပ်နှောင်ထားသူလို့ သိရပါတယ်ဟု ပြောကြားသည်။

ပြန်လည်ဖမ်းဆီးရမိခဲ့သူ နေစိုးစံဆိုသူအား မော်လမြိုင်မြို့မရဲစခန်းတွင်ထားရှိကာ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။

လွတ်မြောက်နေဆဲဖြစ်သည့် အချုပ်သားနှစ်ဦးအား ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများအား ဆက်လက်ပိတ်ဆို့ရှာဖွေမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent