အဝေးပြေးယာဉ်လိုင်း စီးနင်းမည့်သူများ မှတ်ပုံတင်အပြင် ရပ်ကွက်/ ရဲစခန်း ခရီးသွားထောက်ခံစာယူဆောင်လာရန် အဝေးပြေးယာဉ်လိုင်းအချို့ ပြောကြား

အဝေးပြေးယာဉ်လိုင်း စီးနင်းမည့်သူများ မှတ်ပုံတင်အပြင် ရပ်ကွက်/ ရဲစခန်း ခရီးသွားထောက်ခံစာယူဆောင်လာရန် အဝေးပြေးယာဉ်လိုင်းအချို့ ပြောကြား
Published 21 March 2024

အဝေးပြေးယာဉ်လိုင်း စီးနင်းမည့်သူများ မှတ်ပုံတင်အပြင် ရပ်ကွက်/ ရဲစခန်း ခရီးသွားထောက်ခံစာယူလာရန် လိုအပ်ကြောင်း အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ အဝေးပြေးယာဉ်လိုင်းအချို့က ပြောကြားသည်။

" ကားလက်မှတ်ဝယ်ရင်တော့ မှတ်ပုံတင်ယူလာဖို့ လိုအပ်ပါတယ်။ ခရီးသွားမယ့်ရက်ကျရင် ရပ်ကွက် ဒါမှမဟုတ် ရဲစခန်းထောက်ခံစာလိုပါတယ်။ တပတ်အတွင်း ယူထားတဲ့ထောက်ခံစာပေါ့" ဟု နယူးအာရှယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသွားလာရာတွင် ယခင်က မှတ်ပုံတင်သာ လိုအပ်သော်လည်း လက်တလောတွင် ခရီးသွားထောက်ခံစာကို ယူဆောင်လာရန်လိုအပ်သည်ဟု မြတ်မန္တလာထွန်းအဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" အခု ထောက်ခံစာလိုပါတယ်။ အရင်ကတော့ မှတ်ပုံတင်ပဲ လိုပါတယ်" ဟု အဆိုပါယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှတ်ပုံတင်တွင် ဖော်ပြထားသည့် နေရပ်သို့ ပြန်မည့်သူများဖြစ်ပါက မှတ်ပုံတင်ယူဆောင်လာရန်သာ လိုအပ်ပြီး အခြားနေရာသို့ ခရီးသွားမည့်သူများအနေဖြင့် ရပ်ကွက်/ ရဲစခန်းထောက်ခံစာများ ယူဆောင်လာရန်လိုအပ်သည်ဟု မန္တလာမင်းအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

" နေရပ်ကို ပြန်မယ့်သူဆိုရင်တော့ မှတ်ပုံတင်ပါရင် ရတယ်။ အလုပ်ကိစ္စနဲ့ တခြားနေရာကို သွားမယ်ဆိုရင်တော့ ရပ်ကွက်/ ရဲစခန်းထောက်ခံစာ ယူလာခဲ့ပေးရပါမယ်" ဟု အဆိုပါခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခရီးသွားလာရာတွင် မှတ်ပုံတင်ယူဆောင်သွားရန်သာ လိုအပ်ခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ ထောက်ခံစာယူဆောင်လာရန် လို အပ်လာခြင်းဖြစ်သည်ဟု ခရီးသည်တင်ယာဉ်လိုင်းအချို့၏ ပြောကြားချက်အရ သိရသည်။