ထောင်ဒဏ်ကျခံနေသည့် NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းနှစ်ဦး ပြန်လည်လွတ်မြောက်

ထောင်ဒဏ်ကျခံနေသည့် NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်းနှစ်ဦး ပြန်လည်လွတ်မြောက်
Published 2 April 2024

မြစ်ကြီးနားအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ လွတ်ရက်စေ့သဖြင့် ဧပြီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။

"မနက် ၈ နာရီလောက်အိမ်ရောက်ခဲ့ပြီ။ဘာမှထပ်ပြီးလာမေးတာတော့မရှိသေးဘူး။ နှစ်ရက်ရှိပြီ။ နှစ်ယောက်လုံး နေကောင်းကြတယ်။ နီးစပ်သူတွေက သွားမေးနေလို့ မကောင်းဘူးလေ"ဟု ဆိုသည်။

ပြည်နယ်ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးနော်လီနှင့်ဦးဝင်းညွန့်တို့မှာ  ၂၀၂၁ ခုနှစ် ဖေဖော်ရီလ ၁ ရက်နေ့မှစတင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

စည်ပင်ဝန်ကြီး ဦးနော်လီနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉ နှင့်  ၅၀၅ - က စသည့် ပုဒ်မ အသီးသီးဖြင့် စုစုပေါင်းထောင်ဒဏ် ၄ နှစ်စီချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးဟောင်းဦးနော်လီနဲ့ ဝန်ကြီးဟောင်း ဦးဝင်းညွန့်တို့က ၄ နှစ်စီ ထောင်ဒဏ်ချမှတ်ခံရသော်လည်း ၅၀၅ - က ဖြင့်စွဲဆိုထားသည့်အမှုမှ ၆ လစီလျှော့ကာ လွှတ်လာကြခြင်း ဖြစ်သည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး ခုနစ်ဦးကို ဖမ်းဆီးချုပ်နှောင်ကာ ပုဒ်မအသီးသီးဖြင့် တရားစွဲဆိုခဲ့ပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်တွင် လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်။

Most Read

Most Recent