ရာသီဥတုပူပြင်းခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့် သထုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာတချို့တွင် သောက်သုံးရေပြတ်လပ်မှုနှင့် တွေ့ကြုံနေ

ရာသီဥတုပူပြင်းခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းတို့ကြောင့် သထုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာတချို့တွင် သောက်သုံးရေပြတ်လပ်မှုနှင့် တွေ့ကြုံနေ
Published 22 April 2024

ရာသီဥတုပူပြင်းခြင်းနှင့် လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်းတို့ကြောင့် သထုံမြို့နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာတချို့တွင် သောက်သုံးရေပြတ်လပ်မှုနှင့် တွေ့ကြုံနေရကြောင်း သောက်သုံးရေ ဝေငှလှူဒါန်းပေးနေသည့် ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက သထုံမြို့နှင့် သထုံမြို့အနီးဝန်းကျင်ရှိ ဒေသများအတွင်းရှိ နှစ်စဉ်သောက်သုံးရေ လိုအပ်နေသည့် ရပ်ကွက်များအား သောက်သုံးရေ ဝေငှလှူဒါန်းပေးနေရကြောင်းနှင့် သောက်သုံးရေလိုအပ်သည့် နေရာများရှိသလို တချို့နေရာများတွင် သောက်ရေလိုအပ်ချက်များရှိနေကြောင်း သထုံမြို့ အကြင်နာတွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “လိပ်အင်းရပ်ကွက်၊ ကျောက်လုံးကြီးကျေးရွာဘက်ခြမ်း၊ ကော့စံကျေးရွာဘက်ခြမ်းတွေက သောက်သုံးရေ ပြတ်လပ်မှုတွေရှိနေတယ်။ သထုံမြို့ပေါ်မှာဆိုရင် နန်းခဲရပ်ကွက်၊ ဘူတာအပိုင်း၊ ကွက်သစ်ပိုင်းတွေမှာ သောက်ရေအခက်အခဲဖြစ်ကြတယ်” ဟု ပြောကြားသည်။

ယခုနှစ်နွေရာသီတွင် အပူချိန်ပိုမိုပြင်းထန်လာသည့်အပြင် လျှပ်စစ်မီးကိုလည်း လုံလောက်စွာမရှိခြင်းကြောင့် သောက်သုံးရေပြတ်လပ်မှုများ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သထုံမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

“လျှပ်စစ်မီး လုံလုံလောက်လောက်မရဘူး။ အဲ့ဒီတော့ အဝီစိတွင်းတွေရှိတယ်။ ဒါပေမဲ့ လျှပ်စစ်မီးမလာတော့ ရေမရကြဘူး။ သထုံမြို့ကို လျှပ်စစ်မီးအချိန်ပိုင်းလေး ပုံမှန်ပို့ပေးနိုင်ရင် မြို့ပေါ်မှာ ရေပြဿနာအတော် အတန်ဖြေရှင်းပြီးသားဖြစ်သွားမှာပါ” ဟု သထုံမြို့ခံတစ်ဦးက ပြောကြားသည်။

လက်ရှိနွေရာသီကာလအတွင်း သထုံမြို့နယ်အပြင် မွန်ပြည်နယ်အတွင်းရှိ ကျန်မြို့နယ်များအားလုံးနီးပါးတွင်လည်း သောက်သုံးရေရှားပါးသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်းနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် ပရဟိတအရေးပေါ်လူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့များက သောက်သုံးရေ လိုအပ်ချက်ရှိသည့်နေရာများသို့ ရေများ ဖြန့်ဝေလှူဒါန်းပေးနေကြောင်း သိရသည်။

Most Read

Most Recent