
Published 9 April 2024

ရန်ကုန်တွင် စက်သုံးဆီဆိုင်အချို့၌ စက်သုံးဆီအမျိုးအစားအချို့ ရောင်းချနိုင်ခြင်းမရှိဘဲ မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီး ဆီဝယ်ယူနေရကြောင်း ရန်ကုန်မြို့ရှိ မော်တော်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

“တချို့ဆိုင်တွေက ဒီဇယ်ပဲရတယ်။ ဓာတ်ဆီမရဘူး။ တချို့ဆိုင်တွေက ဓာတ်ဆီပဲရတယ်။ ဒီဇယ်မရဘူး။ အဲ့ဒီလိုဖြစ်နေတယ်။ ဓာတ်ဆီဆိုရင်လည်း တချို့ဆိုင်တွေက ၉၂ ပဲရတဲ့ဆိုင်ရှိသလို ၉၅ တစ်မျိုးပဲရတဲ့ဆိုင် လည်းရှိတယ်။ ရတဲ့ဆိုင်မှာတော့ ကားတွေက တန်းစီနေရတာပေါ့” ဟု ရန်ကုန်မြို့တွင်း အဌားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီဆိုင်များမှာလည်း ရောင်းချပေးနိုင်သည့် စက်သုံးဆီအမျိုးအစားများကို စျေးနှုန်းရေးသားထားပြီး လတ်တလောရောင်းချပေးနိုင်ခြင်းမရှိသည့် စက်သုံးဆီများကို စျေးနှုန်းရေးသားထားခြင်းမရှိသည်ကို တွေ့ရသည်။

“ဆိုင်တွေက ရောင်းပေးမယ့်ဆီကိုပဲ စျေးရေးထားတယ်။ ဆီလေးမျိုးစလုံးရတဲ့ဆိုင်က သိပ်မရှိဘူး။ အများစု တစ်မျိုးမဟုတ် တစ်မျိုးမရှိကြဘူး” ဟု ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

စက်သုံးဆီစျေးနှုန်းများမှာ မတ်လကုန်ပိုင်းမှ စတင်ပြီး စျေးနှုန်းများမြင့်တက်ခဲ့ရာ လက်ရှိအချိန်စျေးနှုန်းများ ကျဆင်းခြင်းမရှိသေးကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

မတ် ၂၂ ရက်တွင် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ကျပ် ၂၉၀၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ယခင်က ရောင်းချခဲ့သည့် စျေးနှုန်းများမှာ ၉၂ တစ်လီတာ ကျပ် ၂၇၃၀၊ ၉၅ တစ်လီတာ ၂၈၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ် ၂၄၈၀ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဓာတ်ဆီစျေးနှုန်းများ ယခင်ထက် ပိုမို မြင့်တက်လာပြီး ၉၂ တစ်လီတာ ၅၅ ကျပ်၊ ၉၅ တစ်လီတာ ၅၅ ကျပ် မြင့်တက်ခဲ့သည်။

ဒီဇယ်ဆီစျေးနှုန်းများ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်အတိုင်းသာရှိနေသည်ကို စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

စက်သုံးဆီဆိုင်များနှင့်ပတ်သက်ပြီး အဆင်ပြေချောမွေ့စွာ ရောင်းချနေမှုများ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှ ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ Terminal များနှင့် စက်သုံးဆီအရောင်းဆိုင်များကို CCTV Link ချိတ်ဆက်ပြီးစီးမှုအနေဖြင့် စုစုပေါင်း Terminal ရှစ်ခုနှင့် စက်သုံးဆီဆိုင် ၅၉၁ ဆိုင်ကို ချိတ်ဆက်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဆီဘောက်ဆာယဉ်များ ဖြတ်သန်းသွားလာမှု အခြေအနေများကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ Toll Gate များတွင်လည်း CCTV Camera များ တပ်ဆင်ပြီးစီးမှုအနေဖြင့် Toll Gate ပေါင်း ၅၂ ခုနှင့် CCTV အရေအတွက် ၅၄၂ ခု တပ်ဆင်ပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဆိုသည်။

Most Read

Most Recent