ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် လေးစီးသာရှိ

ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲ မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် လေးစီးသာရှိ
Published 23 April 2024

ယခုနှစ် ဧပြီ ၂၂ ရက်က ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကမာမိုကျေးရွာဘုရားပွဲတွင် ထည့်သွင်းကျင်းပပြုလုပ်လေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းအရေအတွက် လေးစီးသာရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်မတိုင်ခင်ကာလများက လှည်းပြိုင်ပွဲများတွင် လှည်းယာဉ်ရှစ်စီး၊ ကိုးစီးခန့်အထိ ရှိခဲ့ကြောင်း၊ ထိုစဉ်အချိန်က လှည်းများရှိသေးကြောင်း၊ ယခုနောက်ပိုင်းနှစ်များတွင် ပြိုင်ပွဲဝင်လှည်းများ နည်းပါးသွားကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနှစ်က ဘုရားပွဲမှာတော့ ပြိုင်ပွဲဝင်လှည်းက သုံးစီးပဲရှိခဲ့တယ်။ ဒီနှစ်တော့ လေးစီးဆိုတော့ တစ်စီးပိုလာတာက ဝမ်းသာစရာပါပဲ။ လာမယ့်နှစ်တွေမှာ ပြိုင်ပွဲဝင်မယ့် လှည်းအရေအတွက် ပိုများလာအောင် ကြိုးစားရပါဦးမယ်” ဟု ပြောကြားသည်။

အဆိုပါမွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သည့် လှည်းယာဉ်များအနေဖြင့် သက်ဆိုင်ရာစုရပ်မှ ကမာမိုကျေးရွာတောင်ပိုင်းရှိ ဝင်းလဲ့ညီနောင် ဆုတောင်းပြည့်စေတီတော်သို့ လှည်းယာဉ်ဖြင့်သွားရောက်ကာ ဘုရားဖူးပြီးနောက် ကမာမိုကျေးရွာအလယ်ပိုင်းရှိ ဘုရားပွဲကျင်းပရာကွင်းအတွင်းသို့ မောင်းနှင်လာရကြောင်းနှင့် လမ်းတစ်လျှောက်ရှိ အမှတ်ပေးအဖွဲ့များကလည်း အကဲဖြတ်အမှတ်ပေးကြကြောင်း သိရသည်။

မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲတွင် နွား၊ လှည်း၊ ဝတ်စားဆင်ယင်မှု၊ အိန္ဒြေ၊ အနေအထိုင်အချိုးအစား စသည်ဖြင့် အမှတ်ပေးစည်းမျဉ်းငါးမျိုးခွဲထားပြီး တစ်မျိုးစီကို ၁၀ မှတ်နှုန်းပေးထားကြောင်း သိရသည်။

မွန်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုလည်းဖြစ်သည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ၁၉၇၅ ခုနှစ်က စတင်ကျင်းပခဲ့ကြောင်းနှင့် ဘီလူးကျွန်းတွင်ရှိသည့် ရွာဘုရားပွဲများတွင် ဘုရားဖူးသည့်အခါ နွားလှည်းဖြင့် ဘုရားဖူးကြသည့် ရိုးရာဓလေ့ထုံးစံတစ်ခုကို နောက်ပိုင်းလူများ သိရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲအား ပြုလုပ်ခြင်းဖြစ်ကြောင်း ကမာမိုကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ယခင်က ဘီလူးကျွန်း (၆၄) ရွာဘုရားပွဲဟု လူသိများထင်ရှားခဲ့သည့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်းရှိ ကျေးရွာများ၏ဘုရားပွဲများအား မဟာသင်္ကြန်အကြိုနေ့မှစတင်ကာ မြန်မာနှစ်ဆန်း ၁၀ ရက်အထိ ကျင်းပပြုလုပ်ကြလေ့ရှိကြောင်းနှင့် အဆိုပါကျေးရွာဘုရားပွဲများအတွင်း ကမာမိုကျေးရွာဘုရားပွဲ၌ ထည့်သွင်းကျင်းပလေ့ရှိသည့် မွန်ရိုးရာလှည်းယဉ်ကျေးမှုပြိုင်ပွဲမှာလည်း ထင်ရှားသည့်ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent