ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်အထိ ဈေးတက်

ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်အထိ ဈေးတက်
Published 12 March 2024

ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။

ဇန်နဝါရီလအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ရာမှ ဖေဖော်ဝါရီလအတွင်း သုံးစွဲခဲ့သည့် လျှပ်စစ်မီတာခကို မတ်လတွင် ကောက်ခံရာ၌ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်ဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဟု လျှပ်စစ်မီးဖြန့်ဝေနေသူများမှ အသိပေးလာကြောင်း ရေးမြို့နယ်တောင်းပိုင်း ခေါဇာမြို့နေ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဟိုးအရင် စက်သုံးဆီတွေပြတ်လို့ဆိုပြီးတော့ မီတာခတစ်ယူနစ်ကို ၃၀၀၀ ကျပ်အထိ ဈေးတက်သွားသေးတယ်။ ပြီးတော့ ၂၀၀၀ ကျပ်အထိပြန်ကျလာတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တုန်းကတော့ တစ်ယူနစ်ကို ၁၉၀၀ ကျပ်နှုန်းနဲ့ ကောက်ခံသွားတယ်။ အခုဒီမတ် ၂၅ ရက်နေ့ကစလို့ တစ်ယူနစ်ကို ၂၇၀၀ ကျပ် ကောက်ခံသွားမယ်ပေါ့နော်” ဟု ပြောကြားသည်။

မွန်ပြည်နယ်ရေးမြို့နယ်အတွင်း မဟာဓာတ်အားလိုင်းမရှိသည့်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် ကိုယ်ထူကိုယ်ထလျှပ်စစ်မီးဖြန့်ဝေပေးနေသူများမှ မီးစက်ကြီးများဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနေကြကြောင်း သိရသည်။

ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးဖြန့်ဝေနေကြသူများအနေဖြင့် မီးစက်ကြီးများဖြင့် လျှပ်စစ်မီးရရှိအောင် လည်ပတ်ပေးနေရသည့်အတွက်ကြောင့် စက်သုံးဆီဈေးနှုန်းအတက်အကျအပေါ်မူတည်ပြီး မီတာခအား ချိန်ညှိကောက်ခံနေရကြောင်း ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “စက်သုံးဆီဈေးနှုန်းနဲ့ စက်သုံးဆီသယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်လို့ ကုန်ကျစရိတ်တွေအပေါ်မူတည်ပြီးတော့မှ လျှပ်စစ်မီတာခကို တွက်ချက်ရတဲ့သဘောမှာရှိပါတယ်။ စက်သုံးဆီဈေးတက်မယ်။ ဒါမှမဟုတ် စက်သုံးဆီသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့ လမ်းကြေးတွေ ပေးနေရတဲ့အခြေအနေပေါ်မူတည်ပြီးတော့မှ ဈေးနှုန်းအပြောင်းအလဲလုပ်ရတာပါ” ဟု ပြောကြားသည်။

ရေးမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဝေနေသည့် ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ၂၇၀၀ ကျပ်အထိ ဈေးတက်သွားသည့်အတွက်ကြောင့် ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်မီးအား မသုံးစွဲနိုင်တော့သည့် နေအိမ်များ ပိုမိုများပြာလာကြောင်း ရေးမြို့နယ်တောင်ပိုင်းမှ ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လျှပ်စစ်မီတာခတွေဈေးတက်တော့ တော်ရုံလူတွေ လျှပ်စစ်မီးမသုံးနိုင်ကြတော့ဘူး။ အဲ့ဒီတော့ မီးဖြတ်ခံပြီးတော့ ညဘက်အလင်းရောင်ရဖို့ ဖယောင်းကိုသုံး၊ ထမင်းဟင်းချက်ဖို့က ထင်းကိုဘဲ ပြန်သုံးကြရတာပေါ့” ဟု ပြောကြားသည်။

ရေးမြို့နယ်တောင်ပိုင်းရှိ ဒေသများအတွင်း မနက် ၆ နာရီမှ ည ၉ နာရီအထိသာ လျှပ်စစ်မီးဖြန့်ဖြူးပေးနေကြောင်းနှင့် လျှစစ်မီတာခဈေးနှုန်းမြင့်တက်သွားသည့်အတွက် နေအိမ်အများစုမှာ နေအိမ်မီးလင်းရုံမျှသာ သုံးစွဲနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသည့် အဓိကပုဂ္ဂလိကကုမ္ပဏီ နှစ်ခုရှိပြီး ၎င်းတို့အနေဖြင့်လည်း ယခင်က မီတာခတစ်ယူနစ်လျှင် ၁၈၀၀ ကျပ်နှုန်းဖြင့် ကောက်ခံနေခဲ့ရာမှ ဇန်နဝါရီလမှစတင်က မီတာခတစ်ယူနစ်လျှင် ၂၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံနေကြောင်း သိရသည်။

လတ်တလော သံဖြူဇရပ် - ရေး ကားလမ်းတလျှောက်တွင် လက်နက်ကိုင်အဖွဲ့များမှ ဂိတ်များဖွင့်ကာ ငွေကြေးတောင်းခံမှုများပြားလာသည့်အတွက်ကြောင့်လည်း မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းပိုမိုမြင့်တက်လာမှုနှင့် တွေ့ကြုံနေကြရသည့်အပြင် တခြားကုန်ကျစရိတ်များလည်း ပိုမိုကုန်ကျမှုများရှိလာကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

Most Read

Most Recent