ကျိုက်ထိုမြို့တွင် ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ကျိုက်ထိုမြို့တွင် ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Published 26 April 2024

မွန်ပြည်နယ် ကျိုက်ထိုတွင် ယနေ့ ဧပြီလ (၂၆) ရက် နံနက်ပိုင်းအချိန်က ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ကျိုက်ထိုမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ယနေ့ နံနက် (၇) နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် ဆေးရုံလမ်းထောင့်ရှိ ဆိုင်ကယ် Taxi ဂိတ်မှ ပစ်ခတ်သံများကြားခဲ့ရကြောင်း ကျိုက်ထိုမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဆိုင်ကယ် Taxi မောင်းသမားတစ်ဦးကို သေနတ်သမား (၂) ဦးနဲ့ ဆိုင်ကယ်နဲ့လာပြီး ပစ်ခတ်သွားတာလို့ သိရတယ် ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ တောင်ပိုင်းနေ ဦးကျော်ကျော်ဦး ဆိုသူဖြစ်ကြောင်း နှင့် ၎င်းအား အမည်မသိ သေနတ်သမား (၂) ဦးမှ သေနတ်ဖြင့် (၅) ချက်ခန့်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဦးကျော်ကျော်ဦး ရဲ့ ဘယ်ဘက်ပေါင် နဲ့ တင်ပါးမှ ကျည်ဖောက်ဝင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရတယ်။ သူ့ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပြီးတော့ ဆေးကုသမှုပေးထားတယ်လို့ သိရတယ် ဟု ပြောကြားသည်။

ဦးကျော်ကျော်ဦး အား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရသေးပေ။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် ဧပြီလ (၁၉) ရက်က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးအောင်ဇော်ဦး သည်လည်းကောင်း၊ ဧပြီလ (၂၃) ရက်က ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းအောင် သည်လည်းကြောင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြကြောင်း သိရသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ယခုဧပြီလအတွင်း ပစ်ခတ်မှုများကြောင့် အမျိုးသား (၅) ဦးသေဆုံးထားကာ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent