သုံးနှစ်အတွင်း ထိခိုက်သေဆုံးသူ သုံးဆနီးပါးမြင့်တက်လာသည့် မြေမြှုပ်မိုင်းအန္တရာယ်

သုံးနှစ်အတွင်း ထိခိုက်သေဆုံးသူ သုံးဆနီးပါးမြင့်တက်လာသည့် မြေမြှုပ်မိုင်းအန္တရာယ်
Published 5 May 2024

■ Photo: ICRC

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် လက်နက်ကိုင်ပဋိပက္ခများ ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားလာသည်။

တစ်နိုင်ငံလုံးတွင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်လာမှုနှင့်အတူ ကျွဲကူးရေပါဆိုသလို မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် အရပ်သားပြည်သူများအနေဖြင့် အသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းနှင့် အခြားသော ထိခိုက်ဒဏ်ရာရရှိခြင်းများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့ခံစားနေရသည်။ 

လက်နက်ကိုင်ပဋိပက္ခအတွင်း အဓိကဇာတ်ဆောင်များဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အသီးသီးက မြေမြှုပ်မိုင်းမျိုးစုံ အသုံးပြုလျက်ရှိကြသည်။ 

စစ်ကြောင်းများ စခန်းချသည့်နေရာ လုံခြုံရေး၊ ရန်သူလာနိုင်သည့်လမ်း၌ ရန်သူစစ်ကြောင်း နှောင့်နှေးထိခိုက်စေရေးနှင့် စစ်ကြောင်းများ ဆုတ်ခွာရသည့်နေရာတွင် ဝင်ရောက်နေရာယူမည့် ရန်သူတပ်များ ထိခိုက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မြေမြှုပ်မိုင်းကို လက်နက်ကိုင်အဖွဲ့အသီးသီးက အသုံးပြုနေကြခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိသည့်အနက် ၁၆၈ မြို့နယ်တွင် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည့် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသည့် လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့(Landmine & Cluster Munition Monitor) ၏ အစီရင်ခံစာအရ သိရသည်။ 

၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၀၀ တွင် မြေမြှုပ်မိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရာမှ ၂၀၂၂ ခုနှစ်တွင် ၁၆၈ မြို့နယ်အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း Landmine & Cluster Munition Monitor ၏ အစီရင်ခံစာအရ သိရသည်။ 

ထိုသို့ မြေမြှုပ်မိုင်းအန္တရာယ် မြင့်မားလာမှုနှင့်အတူ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးပြီး သားကောင်ဖြစ်ခဲ့ရသည့် အရပ်သားအရေအတွက်မှာ နှစ်စဉ်ရာဂဏန်းရှိရာမှ ၂၀၂၃ ခုနှစ်တွင် ထောင်ဂဏန်းကျော်ရှိလာသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးသူငယ်များအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူ ၃၇၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၄၈ ဦးအထိ ရှိခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦး ရှိကြောင်း ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးသူငယ်များအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က ဧပြီ ၃ ရက်က ထုတ်ပြန်ခဲ့သည်။ 

၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၁၀၅၂ ဦးဆိုသည့် အရေအတွက်သည် ၂၀၂၂ ခုနှစ်နှင့်ယှဉ်လျှင် ထိခိုက်သေဆုံးသူအရေအတွက် သုံးဆနီးပါး မြင့်တက်လာခြင်းလည်း ဖြစ်သည်။ 

၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်သည် ၃၉၀ သာရှိမှ ၂၀၂၃ ခုနှစ်တွင် ၁၀၅၂ ဦးအထိ မြင့်တက်လာခြင်းလည်း ဖြစ်သည်။ 

၂၀၂၂ ခုနှစ်အတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ်မှာ ၂၂၉ ခုသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ၅၉၉ ခုအထိ မြင့်တက်လာသောကြောင့် သုံးဆနီးပါး မြင့်တက်လာခဲ့သည်။ 

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၁၀၂ ဦး သေဆုံးကာ ၂၈၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ ၁၈၈ ဦးအထိ ရှိလာကာ ၈၆၄ ဦးအထိ ဒဏ်ရာရရှိခဲ့သည့်အတွက် သေဆုံးသူအရေအတွက်နှင့် ဒဏ်ရာရရှိသူအရေအတွက်မှာလည်း မြင့့်တက်လာသည်ကို တွေ့ရသည်။ 

၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်ကို ယှဉ်ကြည့်လျှင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူအရေအတွက်မှာ သိသိသာသာမြင့်တက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိပြီး ၂၀၂၂ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၂၂၉ ခုသာရှိသည့်အတွက် ကွာဟမှုမှာ ကြီးကြီးမားမား မရှိခဲ့ပေ။ 

ထို့အတူ ၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးရှိပြီး ၂၀၂၂ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက် ၃၉၀ သာရှိသည့်အတွက် အနည်းသာမြင့်တက်သည်ဟု ဆိုနိုင်သည်။ 

သို့သော် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ အရေအတွက်နှင့်ယှဉ်လျှင်လည်း ၂၀၂၃ ခုနှစ်တွင် လေးဆခန့်မြင့်တက်လာသည်ကို တွေ့ရသည်။ 

၂၀၂၁ ခုနှစ်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ၂၈၄ ဦးသာရှိသော်လည်း ၂၀၂၃ ခုနှစ်တွင် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၁၀၅၂ ဦးရှိသည့်အတွက် လေးဆနီးပါး မြင့်တက်လာခြင်းလည်း ဖြစ်သည်။ 

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲများဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင်လည်း ၂၀၂၁ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၁၆၉ ခုသာရှိရာမှ ၂၀၂၃ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်စဉ် ၅၉၉ ခုအထိရှိလာသည့်အတွက် သုံးဆကျော် မြင့်တက်လာသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများအတွင်း အဖွဲ့အစည်းအသီးသီးမှ မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သော လက်နက်များ အသုံးပြုမှုကြောင့် ကလေးများအပါအဝင် အရပ်သားသေဆုံးမှုမှာ စိုးရိမ်ဖွယ်တိုးလာနေကြောင်း UNICEF က သတိပေးထားသည်။

လက်ရှိတွင် နေပြည်တော်ကောင်စီနယ်မြေမှအပ တိုင်းနှင့် ပြည်နယ်အားလုံးနီးပါး၌ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေပြီး မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းအန္တရာယ် အကြီးမားဆုံးနိုင်ငံတွင် ပါဝင်နေသည်ဟု UNICEF က ဆိုသည်။

မိုင်းအန္တရာယ်အကြီးမားဆုံးခံစားရသည့် ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ ပဲခူးတိုင်းအပါအဝင် ကျန်တိုင်းနှင့်ပြည်နယ်များတွင်လည်း အန္တရာယ်ရှိကြောင်း သတိပေးထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် နေရပ်စွန့်ခွာသူဦးရေ အများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက်သေဆုံးမှုအများဆုံး ၃၅ ရာခိုင်နှုန်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ကိုးရာခိုင်နှုန်း ရှိကြောင်း UNICEF က ထုတ်ပြန်သည်။ 

ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းရှိကြောင်း UNICEF က ဆိုသည်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကို နှိုင်းယှဉ်လျှင် ရှမ်းပြည်နယ်တွင် ထိခိုက်သေဆုံးမှု လျော့နည်းလာပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ထိခိုက်သေဆုံးမှု မြင့်တက်လာသည်ကို တွေ့ရသည်။

၂၀၂၂ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် ထိခိုက်ခံစားရသူအရေအတွက်မှာ စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းရှိခဲ့ပြီး စစ်ကိုင်းတို်င်းဒေသကြီးတွင် ၁၇ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် ၁၀ ရာခိုင်နှုန်း၊  ကချင်ပြည်နယ်တွင် ကိုးရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ကယားပြည်နယ်တွင် ငါးရာခိုင်နှုန်း အသီးသီးရှိခဲ့သည်။ အခြားဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ ၁၁ ရာခိုင်နှုန်းရှိကြောင်း UNICEF က ထုတ်ပြန်ထားသည်။ 

UNICEF ၏ အစီရင်ခံစာအရ နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် ကလေးသူငယ်အရေအတွက်မှာလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၄၃၆ ဦးအထိ ရှိခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ကလေးသူငယ် ၁၉ ဦး သေဆုံးပြီး ၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကလေးသူငယ် ၃၅ ဦး သေဆုံးပြီး ၁၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကလေးသူငယ် ၅၉ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း UNICEF က ထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၂၈၄ ဦးထဲ၌ ကလေးသူငယ် ၁၃၃ ဦး ရှိသည့်အတွက် ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၃၉၀ ထဲ၌ ကလေးသူငယ် ၇၇ ဦး ရှိသည့်အတွက် ၃၄ ရာခိုင်နှုန်း ရှိခဲ့သည်။ 

ယခုနှစ် ဧပြီ ၃ ရက်က ထုတ်ပြန်သည့် UNICEF ၏ အစီရင်ခံစာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် အရပ်သား ၁၀၅၂ ဦးထဲတွင် ကလေးသူငယ် ၂၂၆ ဦး ရှိသည့်အတွက် လေးပုံတစ်ပုံ (၂၁ ရာခိုင်နှုန်းနီးပါး) ရှိကြောင်း ဖော်ပြထားသည်။ 

UNICEF ၏ အစီရင်ခံစာ နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့သည့် ကလေးသူငယ်ဦးရေ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်ကို တွေ့ရှိရသည်။

အဆိုပါအခြေအနေသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်နစ်နာလွယ်သူများအပေါ်တွင် ဝန်နှင့်အား မမျှတသည့် သက်ရောက်မှုများရှိနေသည်ကို မီးမောင်းထိုးပြနေကြောင်း UNICEF က ထောက်ပြထားသည်။

၁၉၉၇ ခုနှစ်တွင် မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ရေးသဘောတူစာချုပ်ကို ပြဋ္ဌာန်းထားပြီး ယင်းစာချုပ်တွင် နိုင်ငံပေါင်း ၁၆၄ နိုင်ငံက လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံံက ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိပေ။ 

ထိုသို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် မြေမြှုပ်မိုင်းများကို ပိုမိုအသုံးပြုလာကြောင်း မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသည့် လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor) က ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် တစ်နှစ်ထက်တစ်နှစ် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာသည့်အတွက် လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့များအနေဖြင့် လက်နက်ကိုင်အသုံးပြုမှုများကို ရပ်တန့်ရန်နှင့် အထူးသဖြင့် အရပ်သားပြည်သူများ နေထိုင်သောနေရာများတွင် မလုပ်ကြရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ပန်ကြားထားသည်။

သို့သော် နိုင်ငံတကာအဖွဲ့အစည်းများ၏ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် တစ်နှစ်ထက်တစ်နှစ် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုကြီးထွားလာခြင်းသည် ငြင်းမရသည့် အချက်တစ်ချက်လည်း ဖြစ်သည်။ 

လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ လက်နက်ကိုင်ပဋိပက္ခများက ပိုမိုကျယ်ပြန့်နေသည့်အတွက် ၂၀၂၄ ခုနှစ်တွင်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှုန်း မြင့်တက်လာဖွယ်ရှိနေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်လျက်ရှိကြသည်။ 

=================

Most Read

Most Recent