လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်

လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်
Published 7 May 2024

လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မေ ၇ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေခြင်းကြောင့် မေ ၈ ရက်နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့်ရှိနိုင်ကြောင်း၊ လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း သိရသည်။

နေ့အပူချိန်များမှာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် မေလ၏ ပျမ်းမျှအပူချိန်အောက် လေးဒီဂရီဆဲလ်စီးယပ်နှင့် ကချင်ပြည်နယ်တွင် မေလ၏ ပျမ်းမျှအပူချိန်အောက် ငါးဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ဇောင်းတူမြို့တွင် ၄၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ ပြည်မြို့နှင့် ရွှေကျင်မြို့တို့တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့တွင် ၄၁ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ ပဲခူးမြို့နှင့် မြဝတီမြို့တို့တွင် ၄၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စီ၊ မကွေးမြို့တွင် ၄၁ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ ညောင်လေးပင်မြို့နှင့် ငါးသိုင်းချောင်းမြို့တို့တွင် ၄၁ ဒီဂရီဆဲလ်စီးယပ်စီနှင့် တောင်ငူ(လေကြောင်းမိုးလေဝသ)တွင် ၄၀ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်တို့ဖြစ်ကြကြောင်း သိရသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဂန့်ဂေါမြို့တွင် သုည ဒသမ ၄၃ လက်မ၊ ဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် သုည ဒသမ ၃၉ လက်မစီ၊ ပူတာအိုမြို့၊ မချမ်းဘောမြို့နှင့် တွန်းဇံမြို့တို့တွင် သုည ဒသမ ၂၄ လက်မစီ၊ စစ်တွေမြို့တွင် သုည ဒသမ ၂၀ လက်မ၊ မော်လိုက်မြို့တွင် သုည ဒသမ ၁၆ လက်မနှင့် ထီးလင်းမြို့တွင် သုည ဒသမ ၁၀ လက်မတို့ဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent