နှစ်ပေါင်း ၇၇ နှစ်အတွင်း ထားဝယ်မြို့၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ပြီး နေ့စဉ်နီးပါး အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်မှုများ ဖြစ်ပေါ်

နှစ်ပေါင်း ၇၇ နှစ်အတွင်း ထားဝယ်မြို့၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ပြီး နေ့စဉ်နီးပါး အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်မှုများ ဖြစ်ပေါ်
Published 30 March 2024

စခန်းဖွင့်သည့်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း ၇၇ နှစ်အတွင်း ထားဝယ်မြို့တွင် အမြင့်ဆုံးအပူချိန်စံချိန် သစ်တင်ခဲ့ပြီး လက်ရှိတွင် မြို့နယ်အချို့၌ နေ့စဉ်နီးပါး အမြင့်ဆုံးအပူချိန်စံချိန် သစ်တင်မှုများ ဖြစ်ပေါ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ််ပြန််သည်။

ထုတ််ပြန်ချက်အရ မတ် ၂၉ ရက်က ထားဝယ်မြို့၌ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၉ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၂၈ ရက်က ဖျာပုံမြို့၌ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၈ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

မတ် ၂၅ ရက်ကလည်း မော်လမြိုင်နှင့် မုဒုံမြို့တို့တွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သည်။

မော်လမြိုင်မြို့၌ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်စံချိန်သစ် ၃၉ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်တင်မြင့်တက်ခဲ့ကြောင်း၊ မုဒုံမြို့တွင် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း ၃၉ ဒီဂရီဆဲလ်စီးယပ်မှ အမြင့်ဆုံးအပူချိန်သစ် ၃၉ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိ စံချိန်သစ်မြင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူ မတ် ၂၉ ရက်က ဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီဆဲလ်စီးယပ်မှ (၄)ဒီဂရီဆဲလ်စီးယပ်အထိပိုခဲ့ပြီး၊ ချင်းပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန် အောက် (၂)ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြား သည့် နေ့အပူချိန်များမှာ မင်းဘူးမြို့တွင် (၄၂)ဒီဂရီဆဲလ်စီးယပ်၊ ချောက်မြို့၊ မကွေးမြို့၊ ပြည်မြို့နှင့် ရွှေကျင်မြို့တို့တွင် (၄၁)ဒီဂရီဆဲလ်စီးယပ်စီ နှင့် မြင်းမူမြို့၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့၊ ဇောင်းတူမြို့၊ ပဲခူးမြို့၊ ညောင်လေးပင် မြို့၊ ရန်ကုန်(ဗိုလ်တထောင်မြို့နယ်)၊ ခရမ်းမြို့၊ ဟင်္သာတမြို့၊ ဘားအံမြို့၊ မြဝတီမြို့နှင့် ထားဝယ်မြို့တို့တွင် (၄၀)ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြ ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်မှာ ခန္တီးမြို့တွင် (၀.၀၄)လက်မ ဖြစ်ပါသည်။

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ မိုးဇလ၏ ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း၊ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း ပါရှိသည်။

ယင်းအတွက်ကြောင့် နွေကာလဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

အလားတူ မတ်လ တတိယ(၁၀)ရက်ပတ်အတွက် နေ့အပူချိန်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent