နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ၂၄ ဦးပါဝင်သည့် ပထမအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ၂၄ ဦးပါဝင်သည့် ပထမအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ
Published 10 April 2024

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်များ ၂၄ ဦးပါဝင်သည့် ပထမအဖွဲ့ ဧပြီ ၉ ရက်က ရန်ကုန်သို့ ရောက်ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ ၉ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိကြကြောင်း သိရသည်။

အဆိုပါကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါရောက်ရှိလာသူများအား မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်အတူ နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်)မှ ကိုရီးယားဘာသာစကားသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း၍ လည်းကောင်း၊ အနုပညာရှင်များ၏ ဓာတ်ပုံနှင့် အမည်စာတန်းပါ ကားချပ်များကိုင်ဆောင်၍လည်းကောင်း၊ ရန်ကုန်အနုပညာ အထက်တန်းကျောင်း (ပန်တျာကျောင်း)မှ အိုးစည်/ဒိုးပတ်အဖွဲ့မှ အတီးအမှုတ်၊ အကတို့ဖြင့်လည်းကောင်း ကြိုဆိုကြကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ လာရောက်ကြမည်ဖြစ်ကြောင်း၊ ကိုရီးယား K-pop အနုပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင်လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent