နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ ပြုလုပ်

နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပ ပြုလုပ်
Photo  - U Aung Kyiv Thein Facebook
Photo  - U Aung Kyiv Thein Facebook
Published 20 March 2024
သတင်း - ဘိုဘိုမြင့်

မတ်လ (၁၉) ရက်နေ့တွင် ကျရောက်ခဲ့သည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားများကို မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်ရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်း နှင့် ဖက်တန်းရပ်ကွက်ရှိ ပြည်နယ်ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို အခမ်းအနားများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နှင့်အတူ နစက ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ပိုးရယ်အောင်သိန်း၊ ဗဒိုမန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သမိန်ဗရမ်း ဘက်စုံသုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ထံမှ ပေးပို့လာသည့် သဝဏ်လွှာ နှင့် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အဆို အကများနှင့် ဖျော်ဖြေခြင်းများလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းမှ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး အပြင် ကဏ္ဍ အသီးသီးမှ ထူးချွန်ဆု (၁၄) ဆုအတွက် ဆုရရှိခဲ့ကြသူ (၁၉၉) ဦး အား ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သမိန်ဗရမ်း ဘက်စုံသုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းပေါင်း (၅၈) ခန်းပြသထားသည့်အပြင်၊ ဒေသရိုးရာအစားသောက်ပြခန်းများလည်း ပါဝင်ပြသထားကြောင်းသိရသည်။

အထိမ်းအမှတ်ပြခန်းများတွင် လယ်ယာကဏ္ဍပြခန်း (၁၁) ခန်း၊ စက်မှုကဏ္ဍပြခန်း (၁၀) ခန်း၊ ဝန်ဆောင်မှုကဏ္ဍပြခန်း (၁၀) ခန်း၊ ပညရေးကဏ္ဍပြခန်း (၈) ခန်း၊ ကျန်းမာရေးကဏ္ဍ (၈) ခန်း၊ အသေးစား၊ အလတ်စားနှင့် ထုတ်ကုန်အရောင်းပြခန်း (၁၁) ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

မွန်ပြည်နယ်ဟု ဖြစ်ပေါ်ခြင်း မရှိမီက မွန်ပြည်နယ်အဖြစ် ဖွဲ့စည်းထားသော နယ်မြေသည် တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့ပြီး၊ တော်လှန်ရေးကောင်စီလက်ထက်တွင် မြိတ်ခရိုင်ကို မြို့နယ် (၆) မြို့နယ်ဖြင့်လည်းကောင်း၊ ထားဝယ်ခရိုင်ကို မြို့နယ် (၄) မြို့နယ်အဖြစ်လည်းကောင်း တနင်္သာရီတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။

(၁၉၇၂) ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီလက်ထက်တွင် တနင်္သာရီတိုင်းတွင် ပါဝင်သော မော်လမြိုင်ခရိုင် နှင့် သထုံခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၁) အဖြစ်လည်းကောင်း၊ ထားဝယ်ခရိုင် နှင့် မြိတ်ခရိုင်တို့ကို တနင်္သာရီတိုင်းအမှတ် (၂) အဖြစ်လည်းကောင်း သတ်မှတ်ဖွဲ့စည်းခဲ့ပြီးသည့်နောက် (၁၉၇၄) ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် တနင်္သာရီတိုင်း အမှတ် (၁) ကို မွန်ပြည်နယ် အဖြစ် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း ဇန်နဝါရီလ (၃) ရက်နေ့မှာ အခြေခံဥပဒေနေ့နှင့် တိုက်ဆိုင်နေသည့်အတွက်ကြောင့် မွန်ပြည်နယ်နေ့အား မတ်လ (၁၉) ရက်နေ့သို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent