မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က ကြေညာထား

မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေသော နိုင်ငံခြားသားများ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ် (BGF) က ကြေညာထား
Published 6 May 2024

ကရင်ပြည်နယ် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံခြားသားများ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထွက်ခွာရန် ကရင်နယ်ခြားစောင့်တပ်(BGF)က ကြေညာထားသည်။

BGF ၏ မြဝတီစည်းကမ်းထိန်းသိမ်းရေးရုံးက သတိပေးကြေညာချက်ခေါင်းစဉ်ဖြင့် မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးဘာသာဖြင့် ထုတ်ပြန်ချက်တွင် မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး ၂၀၂၄ ခုနှစ် မေ ၁ ရက်မှ အောက်တိုဘာ ၃၀ ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၃၀ ရက် နောက်ပိုင်းတွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

အထက်ပါကြေညာချက်နှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုအခြေအနေများအပေါ် သိရှိနိုင်ရန် နယ်ခြားစောင့်တာဝန်ရှိသူအချို့ထံ Eleven Media Group က ဆက်သွယ်လျက်ရှိသော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

ထိုသို့ မြဝတီမှ အဓိကထွက်ခွာခိုင်းသည့် နိုင်ငံသားများမှာ တရုတ်လူမျိုးများဖြစ်ကြောင်း၊ အွန်လိုင်းကိစ္စနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာခြင်းကြောင့်ဖြစ်ကြောင်း၊ လက်ရှိတွင် ပြန်လည်ထွက်ခွာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ အချို့မှာ ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်သွားရောက်၍ မရသူများကို ထိုင်းနိုင်ငံကဲ့သို့ နေရာများတွင် နေထိုင်နိုင်ရန် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း မထွက်ခွာသူများကို ဖမ်းဆီး၍ သက်ဆိုင်ရာ သံရုံးများထံအပ်နှံမည်ဖြစ်ကြောင်း စသည်ဖြင့် ကရင်နယ်ခြားစောင့်တပ် တာဝန်ရှိသူအချို့က မီဒီယာအချို့တွင် ဖြေကြားထားသည်ကို တွေ့ရသည်။

ကရင်နယ်ခြားစောင့်တပ်(BGF) သည် ယခုနှစ်ဆန်းပိုင်းတွင် တပ်မတော်လက်အောက်မှခွဲထွက်ကာ ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ်ဖွဲ့စည်းခဲ့သည်။

သို့ရာတွင် မြဝတီရှိ မြို့စောင့်တပ်ခလရ(၂၇၅)အား KNU၊ PDF များ ထိန်းချုပ်ထားမှုအပေါ် ပြန်လည်ရယူခြင်းနှင့် မြဝတီမြို့လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တပ်မတော်က ပြန်လည်ရယူရာတွင် KNA အမည်ပြောင်းထားသည့် ကရင်နယ်ခြားစောင့်တပ်(BGF) သည် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) ခေါင်းဆောင်များသည် မြဝတီမြို့နယ်ရှိ တရုတ်ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) အဖွဲ့က ၂၀၂၄  ခုနှစ် ဧပြီ ၂၂ ရက်တွင် ထုတ်ပြန်သည့် သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်၌ စွပ်စွဲရေးသားထားသည်။

အဆိုပါကျားဖြန့်ဟုခေါ်သည့် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့သည် BGF က ထိန်းချုပ်ထားသည့် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့တွင် နေထိုင်လုပ်ကိုင်ကြခြင်းဖြစ်သည်ဟုလည်း USIP ဆောင်းပါးတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် မြန်မာ-တရုတ် နယ်စပ်တွင် တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကျားဖြန့်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို ဖမ်းဆီး၍ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးလျက်ရှိသည်။

၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး မစ္စတာဝမ်ရှောင်ဟုန် တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေပြည်သူများ ဘေးကင်းလုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအမြစ်ပြတ်ပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် တရုတ်နိုင်ငံက ယွမ်ငါးသန်းတန်ဖိုးရှိ အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးများ ကလက်မှတ်ရေးထိုးလဲလှယ်ခဲ့သည့်အပြင် နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးများအတွက် ချီးမြှင့်ပေးအပ်သော အမြင့်ဆုံးဆုတံဆိပ်ဖြစ်သည့် Golden Great Wall Commemorative Medal ဆုတံဆိပ်ကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

Most Read

Most Recent