ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် "ဝ" အဖွဲ့တို့ လျှို့ဝှက်တွေ့ဆုံပြီး MNDAA ကို ထိန်းချုပ်ရန်အချက် ပါဝင်သည့် အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှုဖြစ်ပွားခဲ့

ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် "ဝ" အဖွဲ့တို့ လျှို့ဝှက်တွေ့ဆုံပြီး MNDAA ကို ထိန်းချုပ်ရန်အချက် ပါဝင်သည့် အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှုဖြစ်ပွားခဲ့
၂၀၂၄ ဧပြီလက "ဝ" အဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံစဉ်
၂၀၂၄ ဧပြီလက "ဝ" အဖွဲ့နှင့် ကိုးကန့်အဖွဲ့တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံစဉ်
Published 6 October 2024

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် "၀" အဖွဲ့တို့ လျှို့ဝှက်တွေ့ဆုံပြီး MNDAA ကို ထိန်းချုပ်ရန် အချက် ပါဝင်သည့် အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှုဖြစ်ပွားခဲ့သည်။  

ဩဂုတ် ၂၇ ရက်က ယူနန်ပြည်နယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း "၀" အဖွဲ့ နီးစပ်သူက ဘီဘီစီသတင်းဌာနကို အတည်ပြုထားသည်။ 

ထိုသတင်းကို Myanmar Now သတင်းဌာနက အောက်တိုဘာ ၅ ရက်တွင် ကနဦးဖော်ပြခဲ့ပြီးနောက် Exile မီဒီယာအချို့နှင့် ပြည်ပမီဒီယာများက သတင်းဖော်ပြမှုများ ရှိလာခဲ့သည်။

လားရှိုးမြို့ကို MNDAA က သိမ်းယူပြီးနောက် တရုတ်နိုင်ငံဘက်က "၀" အဖွဲ့ကို ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး "၀" အဖွဲ့ဘက်မှ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းနှင့် "၀" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယအထွေထွေအတွင်းရေးမှူး ဦးပေါက်အိုက်ခမ်းတို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

အဆိုပါအစည်းအဝေးမှတ်တမ်းတွင် တရုတ်အစိုးရသည် MNDAA နှင့် ကိုးကန့်ဒေသကို လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါး နှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့ခြင်းနှင့် လူအဝင်အထွက်ကို တားမြစ်ပိတ်ဆို့ခြင်း “ဖြတ် ငါးဖြတ်” ဖြင့် ပြုလုပ်နေကြောင်းနှင့် ကိုးကန့်ဒေသနှင့် ထိစပ်နေသော တရုတ်နယ်စပ်ဂိတ်များကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု ဖော်ပြထားသည်။

သို့သော် ကိုးကန့်ဒေသနှင့်  နယ်နမိတ်ချင်းစပ်နေသည့် “ဝ” ထိန်းချုပ်နယ်မြေနှင့် မိုင်းလား (NDAA) ဘက်မှ ကုန်ပစ္စည်းများနှင့် လူများ ကိုးကန့်နယ်ထဲသို့ ဖြတ်သန်းမှုများ ပြုလုပ်နေခြင်းကြောင့် တရုတ်အစိုးရ၏ MNDAA အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုသည် မအောင်မမြင်ဖြစ်ရသည့်အကြောင်းများဖြစ်သည်ဟု ပြောကြားထားကြောင်း တွေ့ရသည်။

ထို့ပြင် MNDAA နှင့် TNLA အပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်များကို လက်နက်ခဲယမ်း မရောင်းချရန် "၀" အဖွဲ့ကို တရုတ်က ဖိအားပေးခဲ့သည့် အချက်အလက်များကိုလည်း အစည်းအဝေးမှတ်တမ်းတွင် တွေ့ရှိရသည်။ 

ထို့ပြင် MNDAA သည် အထူးဒေသ (၁) ကိုးကန့်နယ်မြေကို ကျော်လွန်ပြီး၊ တပ်မတော်က ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို သိမ်းပိုက်ခဲ့ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို အကြီးအကျယ်ထိခိုက်စေခဲ့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာ ပိုးလမ်းမရပ်ဝန်းနှင့် လမ်းကြောင်း (BRI) စီမံကိန်းများကို ထိခိုက်စေကြောင်း၊ ထို့ပြင် အမေရိကန်နှင့် အနောက်အုပ်စုတို့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်လာစေရန် အခွင့်အလမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အာရှရေးရာအထူးကိုယ်စားလှယ်က “ဝ” ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းအရ သိရသည်။ 

ထို့အတူ အာရှရေးရာအထူးကိုယ်စားလှယ်သည် “ဝ” ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် MNDAA နှင့်ပတ်သက်၍ လားရှိုးမြို့ကို MNDAA သိမ်းပိုက်ခြင်းအား မည်သို့မျှ အသိအမှတ်မပြုနိုင်ကြောင်း၊ MNDAA သည် အမေရိကန်အစိုးရနှင့် အနောက်အုပ်စုက ထောက်ပံ့ထားသော NUG၊ PDF နှင့် တပ်မတော်ကို ဆန့်ကျင်နေသည့် အခြားအင်အားစုများနှင့် ပူးပေါင်း၍ ရှေ့တန်းတပ်ဦးအဖြစ် ဦးဆောင်နေကြောင်း၊ တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသယောင် လိမ်ညာ၍ "ဟန်" တရုတ်လူမျိုးများ လွတ်မြောက်ရေးအယူအဆကို ဖြန့်ချိနေပြီး PDF များနှင့် လျှို့ဝှက်စွာပူးပေါင်းကာ မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ကြံစည်နေကြောင်းနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ နှိမ်နှင်းရေး တရုတ်အစိုးရနှင့်ပူးပေါင်းသည်ဟု အကြောင်းပြလိမ်ညာပြီး “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ကာ လောက်ကိုင်နှင့် ကိုးကန့်ဒေသတစ်ခုလုံးကို  သိမ်းပိုက်ရုံမျှမက လားရှိုးမြို့ကိုပါ ကျူးကျော်သိမ်းပိုက်ခဲ့ကြောင်း စသည့် တရုတ်အစိုးရ၏ သဘောထားလေးရပ်ကို ပြောကြားခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။  

ထို့ပြင် အာရှရေးရာအထူးကိုယ်စားလှယ်က "၀" အဖွဲ့အနေဖြင့် MNDAA ကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရန်၊ “ဝ” ပြည်မှ ကိုးကန့်ဒေသထဲသို့ သွားရောက်သည့် ယာဉ်မှန်သမျှ လက်နက်၊ စစ်အသုံးအဆောင်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာ လုံးဝသယ်ဆောင်ခြင်းကို ခွင့်မပြုရန်၊ ကိုးကန့်ဒေသကို အဝင်အထွက်လုပ်သော လူပုဂ္ဂိုလ်တိုင်း၏ အချက်အလက်များကို သေချာစိစစ်ပြီး စစ်ရေးနှင့် နည်းပညာကျွမ်းကျင်းသူများ “ဝ” ပြည်ထဲမှတစ်ဆင့် မဝင်ရောက်နိုင်ရန် ပိတ်ပင်ရေးနှင့် PDF ၊ ကရင်နီနှင့် တောင်ပိုင်းက လက်နက်ကိုင်အဖွဲ့များကို လက်နက်ရောင်းချခြင်း လုံးဝမပြုလုပ်ရန် စသည့် အချက်များကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ 

ယင်းအချက်များကို မလိုက်နာဘဲ "၀" အဖွဲ့အနေဖြင့် MNDAA ကို ဆက်လက်ထောက်ပံ့ကူညီနေလျှင် တရုတ်အစိုးရသည် “ဝ” ပြည်ကို ပေးအပ်နေသော သက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အထောက်အပံ့အားလုံးကို ရပ်ဆိုင်းခြင်း၊ “ဝ” ပြည်နှင့် ကုန်သွယ်မှု၊ အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်း၊ သတ္တုမိုင်းလုပ်ငန်း၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုနှင့် ရေအားလျှပ်စစ် စီမံကိန်းပူးပေါင်းဆောင်ရွက်မှုများ အားလုံးရပ်ဆိုင်းခြင်းများ ပြုလုပ်မည်ဟု အာရှရေးရာအထူးကိုယ်စားလှယ်က “ဝ” ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

TNLA အဖွဲ့ကိုလည်း တရုတ်အစိုးရက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။ 

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် အဆက်အသွယ်ရှိသည်ဟု ယူဆထားသော မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့် တရုတ်နယ်စပ်ရှိ "၀" အဖွဲ့အပါအဝင် MNDAA၊ TNLA တို့၏ အဆက်အသွယ်ကို အထူးစိုးရိမ်ပြီး စစ်ဆေးမေးမြန်းခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း အစည်းအဝေးမှတ်တမ်းတွင် ပါရှိသည်။ 

အဆိုပါ အစည်းအဝေးမှတ်တမ်းပေါက်ကြားမှုနှင့်ပတ်သက်၍ Eleven Media Group က လားရှိုးပြင်ပဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းအား ဆက်သွယ်မေးမြန်းရာတွင် စက်တင်ဘာ ၆ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။ 

ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က လားရှိုးမြို့ကို MNDAA သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းသည် ဩဂုတ် ၈ ရက်တွင် နေပြည်တော်သို့လည်းကောင်း၊ ဩဂုတ် ၁၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်အတူ ဒုတိယအကြိမ် နေပြည်တော်သို့လည်းကောင်း လိုက်ပါခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံပါကြောင်း၊ နစကအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်ဆောင်ရွက်နေမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်ရန်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် သြဂုတ် ၁၆ ရက်က ပြုလုပ်သည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေဆုံပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်မရသည့် စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ စည်းသုံးစည်းမှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍ မရခြင်း၊ အာဆီယံမိသားစုလမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် တရုတ်နိုင်ငံ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီက TNLA ထံ စာပေးပို့ခဲ့သည်။ 

ထိုစာထဲတွင် TNLA အနေဖြင့် တရုတ်နယ်စပ်ဒေသ၊ နယ်စပ်အရပ်သူအရပ်သားများနှင့် မြန်မာပြည်တွင်းရှိတ ရုတ်ပြည်သား၊ လုပ်ငန်းများနှင့်သက်ဆိုင်သောလုံခြုံမှုများကို အာမခံပေးရန် တရုတ်နိုင်ငံ၏နယ်စပ်ဒေသ အေး ချမ်းတည်ငြိမ်ရေးနှင့် တရုတ်နိုင်ငံသားအသက်၊ ပစ္စည်းဥစ္စာလုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိ စစ်ရေးအပြုအမူကိုပပျောက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက တရုတ်နိုင်ငံအနေဖြင့် TNLA  အပေါ်ကြောက်ရွံ့ကျိုးနွံ့ခြင်းနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ် ပေါ်သည့်အကျိုးဆက်များအားလုံးကို TNLA  အဖွဲ့ကိုယ်တိုင်တာဝန်ယူရမည်ဖြစ်ကြောင်း ပါရှိသည်။ 

TNLA အနေဖြင့် အခြေအနေကိုရှင်းရှင်းလင်းလင်းနားလည်ပြီး တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး ကွဲလွဲမှုများကိုညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သောလမ်းကြောင်းသို့ အမြန်ဆုံးပြန်လာမည်ဟု မျှော်လင့်ကြောင်း၊ ယင်းအခြေခံပေါ်တွင် တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောအခန်းကဏ္ဍဍမှ ဆက်လက်ပါဝင်၍မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုကူညီမည်ဖြစ်ကြောင်းနှင့် TNLA အတွက် သင့်လျော်သည့် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုရရှိစေရန်၊ ကျန်းမာစွာနေထိုင်ဖွံ့ဖြိုးရေးအကောင်အထည်ဖော်ဆောင်ရန် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဆိုခဲ့သည်။

ထို့နောက် စက်တင်ဘာ ၂ ရက်တွင် နစက၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က MNDAA ၊ AA နှင့် TNLA အဖွဲ့တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။ 

ထိုသို့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့ပြီးနောက် စက်တင်ဘာ ၁၈ ရက်တွင် MNDAA စစ်ရေးကော်မတီက NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်းကို ထုတ်ပြန်ခဲ့သည်။

MNDAA ၏ထုတ်ပြန်ချက်တွင် MNDAA ၏ စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသော နိုင်ငံရေးရပ်တည်ချက်ကိုလုံးဝပြောင်းလဲမည်မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အတူ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်း ခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများအား လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် သို့သော် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် လက်ရှိတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးဝါးလာသော မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်း ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ကြောင်းနှင် မိမိတို့အနေဖြင့်လည်း ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံးဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAO) နှင့် PDF များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။