Thai Fight League 37 မွေထိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာနှင့် စောအေးစီးတို့ အနိုင်ရ

Thai Fight League 37 မွေထိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာနှင့် စောအေးစီးတို့ အနိုင်ရ
Photo: Thai Fight
Photo: Thai Fight
Published 6 May 2024

Thai Fight League 37 မွေထိုင်းပြိုင်ပွဲကို ပြီးခဲ့သည့် မေ ၅ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့သမားနှစ်ဦးဖြစ်သော မင်းရဲကျော်စွာနှင့် စောအေးစီးတို့ နှစ်ဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မင်းရဲကျော်စွာသည် (၆၅) ကီလိုတန်းတွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ချာရွဒ်လက်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။

အသက် ၂၈ နှစ်ရှိ မြန်မာ့ရိုးရာလက်ဝှေ့သမား မင်းရဲကျော်စွာသည် ပွဲပေါင်း(၅၇) ပွဲ ထိုးသတ်ထားရာ (၃၉) ပွဲနိုင်၊ (၁၈) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

မင်းရဲကျော်စွာနှင့် ထိုးသတ်ခဲ့သည့် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ချာရွဒ်လက်သည် အသက် ၂၂ နှစ်သာ ရှိသေးပြီး ပွဲပေါင်း(၇၁) ပွဲ ထိုးသတ်ထားရာ (၅၉) ပွဲနိုင်၊ (၁၅) ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

မင်းရဲကျော်စွာသည် ပွဲစကတည်းက အတင်းဝင်ကာ ဖိအားပေးထိုးသတ်ခဲ့ပြီး ဘယ်ထောက်လက်သီး၊ ညာခြေဖြတ်ကန်ချက်များကို အသုံးပြုခဲ့သည်။

မင်းရဲကျော်စွာ၏ ညာခြေဖြတ်ကန်ချက်ကြောင့်  မွေထိုင်းဖိုက်တာ ချာရွဒ်လက် အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

ပြန်အလွှတ်တွင် မင်းရဲကျော်စွာ၏ ဘယ်ထောက်လက်သီး မွေထိုင်းဖိုက်တာ ချာရွဒ်လက်ကို ထိခဲ့သော်လည်း ပြုတ်ကျမသွားခဲ့ပေ။

မွေထိုင်းဖိုက်တာ ချာရွဒ်လက်၏ ညာထောက်လက်သီးနှင့် ညာခြေဖြတ်ကန်ချက်များ မင်းရဲကျော်စွာကို ထိခဲ့သော်လည်း မာဂုဏ်မြင့်သောကြောင့် ပြုတ်ကျမသွားခဲ့ပေ။

မင်းရဲကျော်စွာသည် ချာရွဒ်လက်နောက်သို့ အတင်းလိုက်ကာ ဖိအားပေးထိုးသတ်ခဲ့ပြီး ဘယ်ခြေဖြတ်ကန်ချက်ကြောင့် ချာရွဒ်လက် မထနိုင်တော့ဘဲ အရှုံးပေးခဲ့ရသည်။

မင်းရဲကျော်စွာသည် ပထမအချီမပြီးဆုံးမီမှာပင် ချာရွဒ်လက်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မင်းရဲကျော်စွာ၏ ခြေကန်ချက်ပြင်းထန်မှုကြောင့် ချာရွဒ်လက်မှာ ကြိုးဝိုင်းအတွင်းမှနေ၍ ထမ်းစင်ဖြင့် သယ်ထုတ်သွားခဲ့ရသည်။

မင်းရဲကျော်စွာ (ခ) အောင်ဟိန်းသည် ပြီးခဲ့သည့် မတ် ၂၄ ရက်က ရရောင်းမြို့တွင်  နာမည်ကြီး မွေထိုင်းဖိုက်တာ ဆန်ချိုင်း နှင့်ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့သည်။

မင်းရဲကျော်စွာသည် ဆန်ချိုင်းအား ရှုံးနိမ့်ခဲမှုကို ယခုနိုင်ပွဲဖြင့် ပြန်အဖတ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။

အသက် ၂၃ နှစ်ရှိ မြန်မာ့ရိုးရာလက်ဝှေ့သမား စောအေးစီးသည်  (၆၁) ကီလိုတန်းတွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာ ပတ်ချာယက်သီဆက်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်း ဖြစ်သည်။

စောအေးစီးနှင့် ထိုးသတ်ခဲ့သည့် မွေးထိုင်းဖိုက်တာ ပတ်ချာယက်သီဆက်သည် အသက် ၂၂ နှစ်ရှိပြီး ပွဲပေါင်း(၄၃) ပွဲ ထိုးသတ်ထားရာ (၂၇) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၁၁) ပွဲ ရှုံးနိမ့်ထားသည်။

စောအေးစီးသည် သုံးချီစလုံးတွင် မွေးထိုင်းဖိုက်တာ ပတ်ချာယက်သီဆက်ကို အစီးထိုးသတ်နိုင်ခဲ့သောကြောင့် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပြိုင်ပွဲကို ဗလာလက်သီးဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ 

 

Most Read

Most Recent