ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁) သင်တန်းများ တိုင်းစစ်ဌာနချုပ် အသီးသီး၌ စတင်ဖွင့်လှစ်

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁) သင်တန်းများ တိုင်းစစ်ဌာနချုပ် အသီးသီး၌ စတင်ဖွင့်လှစ်
Published 8 April 2024

ပြည်သူ့စစ်မှုထမ်အမှတ်စဉ်(၁)သင်တန်းများ တိုင်းစစ်ဌာနချုပ် အသီးသီး၌ ဧပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ကြောင်းသိရသည်။

အဆိုပါ  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက် မိမိသဘောဆန္ဒအလျောက်စာရင်း ပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် သင်တန်းဖွင့်ပွဲများပြုလုပ်ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ယင်း သင်တန်းဖွင့်ပွဲများတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲများအပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြားကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက သင်တန်းသားများ အတွက် ထောက်ပံ့ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ မတ် ၉ ရက်မှစ၍  ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များအနေဖြင့် မိမိသဘောဆန္ဒအလျောက်စာရင်းပေးသွင်းလာခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းဆောင်မည့် ပထမဦးဆုံးအသုတ်သည် ၎င်းတို့ကိုယ်တိုင်ဆန္ဒပြုထားသော Volunteer များ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်က ပြောကြားထားသည်။

Most Read

Most Recent