ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က နိုင်ငံငယ်များအပေါ် ကြားဝင်စွက်ဖက်ခြင်းသည် ခေတ်သစ် ကိုလိုနီ ပြုခြင်းတစ်မျိုးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့က နိုင်ငံငယ်များအပေါ် ကြားဝင်စွက်ဖက်ခြင်းသည် ခေတ်သစ် ကိုလိုနီ ပြုခြင်းတစ်မျိုးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 28 March 2024

ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က နိုင်ငံငယ်များအပေါ်ကြားဝင်စွက်ဖက်ခြင်းသည် ခေတ်သစ် ကိုလိုနီပြုခြင်းတစ်မျိုးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မတ် ၂၇ ရက်က ကျင်းပသည် (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ နိုင်ငံငယ်တွေအပေါ်မှာ ၎င်းတို့အလိုကျ လိုက်ပါလုပ်ဆောင်လာစေရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြားဝင်စွက်ဖက်မှုများ ပြုလုပ်လျက်ရှိတယ်။ ဒါဟာ ခေတ်သစ် ကိုလိုနီပြုခြင်းတစ်မျိုးဖြစ်တယ်ဆိုတာ သတိထားနိုင်ဖို့လိုတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ အရေးပါသည့်နေရာတွင် တည်ရှိနေ​ခြင်းကြောင့် ခေတ်သစ်ကိုလိုနီဝါဒအရ ၎င်းတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မည့် အစိုးရနှင့် အဖွဲ့အစည်းများကို ပုံသဏ္ဌာန် မျိုးစုံနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိသည်ကို ပကတိဖြစ်ရပ်များက ပြနေသလို ၎င်းတို့၏ အလိုကို လိုက်လျောခြင်းမရှိဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ရှေးရှုကာကွယ်နေသည့် အဖွဲ့အစည်းများကို စည်းလုံးမှုပျက်ပြားပြီး အင်အားချည့်နဲ့အောင် ကြိုးပမ်း လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က " ဒါကြောင့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေကြရတဲ့ ရဲဘော်တို့အနေနဲ့ အချင်းချင်းစည်းလုံးညီညွတ်နေဖို့လိုအပ်သလို တပ်ဖွဲ့အချင်းချင်း ကြားမှာလည်း စည်းလုံးညီညွတ်နေဖို့ လိုအပ်တယ်။ တပ်ရင်း/ တပ်ဖွဲ့အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေအနေနဲ့ ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ ဒီလို ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှသာ ပေးအပ်လာမယ့် အမိန့်နှင့်တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်မှာပဲဖြစ်တယ်" ဟု ပြောကြားသည်။

မျက်မှောက်ကာလတွင် သတင်း၊ နည်းပညာနှင့် ဆက်သွယ်ရေး ကွန်ရက်စနစ်များ လျင်မြန်စွာဖွံ့ဖြိုးလာခြင်းနှင့်အတူ ဆန့်ကျင်ဘက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် လူမှုကွန်ရက်ကိုအသုံးပြုပြီး တပ်မတော်ကို နိုင်ငံရေးသိက္ခာကျစေရန်၊ ပြည်သူလူထုယုံကြည်မှု ပျက်ပြားစေရန်နဲ့ အထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊  ထို့ကြောင့် မိမိတို့တပ်မတော်သားများ အပါအဝင် နိုင်ငံသားအားလုံးအနေနှင့် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို အသိ၊ သတိများနှင့်ယှဉ်ပြီး စဉ်းစားဆင်ခြင်နိုင်ဖို့ လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

" တပ်မတော်နဲ့ပြည်သူအကြားမှာ စည်းလုံးညီညွတ်မှုခိုင်မာမှသာလျှင် တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းတွေကို စွမ်းအားပြည့် ဆောင်ရွက် နိုင်မှာဖြစ်တဲ့အတွက် ရဲဘော်တို့အနေနဲ့ တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားကြဖို့ မှာကြား လိုတယ်။ တပ်မတော်သားတွေအနေနဲ့ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ နေထိုင်ကျင့်ကြံပြီး တာဝန်ကျရာ နယ်မြေဒေသအသီးသီးမှာ ပြည်သူ့အကျိုးပြုလုပ်ငန်း တွေကို စိတ်ရင်းစေတနာမှန်နဲ့ ဆောင်ရွက်ပေးကြရမှာပဲဖြစ်တယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ယနေ့ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကိုကြည့်ပါက ယခင်က အဏုမြူလက်နက်၊ သမားရိုးကျ လက်နက်များနှင့် ခြိမ်းခြောက်သည့် အခြေအနေမှ ယခုအခါတွင် နည်းပညာအသုံးပြု စစ်ပွဲသဏ္ဌာန်များ၊ အင်အားကြီးသူက အုပ်စုဖွဲ့ပြီး အင်အားနည်းသူအပေါ်မှာ အနိုင်ကျင့်လာကြ​ခြင်းများ၊ အင်အား နည်းသည့်နိုင်ငံများကို ကြားခံထားပြီး ယင်းနိုင်ငံများ အိမ်နီးချင်း အင်အားကြီးနိုင်ငံများကို နည်းမျိုးစုံနှင့် ထိန်းချုပ်ဖို့ကြိုးစားခြင်းများ တွေ့ရမည်ဖြစ်ခြင်းကြောင့် နည်းပညာအခြေပြု ခေတ်မီတပ်မတော်ဖြစ်ရေးကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

Most Read

Most Recent