ပူတာအိုမြို့ရှိ ဦးတေဇပိုင် မလိခဟိုတယ် အဆောင်သုံးလုံး မီးလောင်ပျက်စီး

ပူတာအိုမြို့ရှိ ဦးတေဇပိုင် မလိခဟိုတယ် အဆောင်သုံးလုံး မီးလောင်ပျက်စီး
Published 20 April 2024

ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်ရှိ ဦးတေဇပိုင် မလိခဟိုတယ် (Malikha Lodge Hotel) ယနေ့(ဧပြီ ၂၀ ရက်) နံနက် ၅ နာရီခွဲမှစတင်ကာ မီးလောင်ပျက်စီးခဲ့ပြီး ဟိုတယ်အဆောင်သုံးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဟိုတယ်အဆောင် အားလုံးတွင်သက်ငယ်မိုးများဖြစ်ပြီး ဒေသခံများနှင့် အနီးရှိ မူလာရှီးဒီးတံတား လုံခြုံရေး တပ်မတော်အဖွဲ့များက မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြင်တွေ့သူများက ဆိုသည်။

"မီးဖိုချောင်မှ စတင်မီးလောင်တာလို့ ပြောနေကြတယ်။ သက်ကယ် မိုးထားတော့ခဏလေးပဲ ကုန်သွားတယ်။နှစ်ဆောင်ကအကြီး တစ်ဆောင်ကအသေး။ လောင်တဲ့တစ်ခန်းက ဧည့်သည်ရှိတယ်'' ဟု မီးငြိမ်းရာတွင်ပါဝင်ခဲ့သူတစ်ဦးက ပြောကြားသည်။ ဘန်ဂလို တစ်လုံး၊ မီးဖိုးချောင်နှင့်စတိုခန်း မီးလောင်ရာတွင် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုတွင် မီးကူးစက်လောင်ကျွမ်းခဲ့သည် ဘန်ဂလိုတွင် တည်းခိုနေသည့် ဧည်သည့်ရှိသော်လည်း မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာ မရှိကြောင်းသိရသည်။

ယင်းမီးလောင်မှုသည် ဟိုတယ်၏ စားသောက်ခန်းအသေး၊ မီးဖိုချောင်နှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဘန်ဂလို၏ ခေါင်မိုးအား မီးလောင်ကျွမ်းခြင်းဖြစ်ပြီး ဘန်ဂလိုတစ်ခုလုံး မီးလောင်ကျွမ်းခြင်းမဟုတ်ဘဲ ဟိုတယ်၏ လုပ်ငန်းလည်ပတ်မှုအလုံးစုံကို ထိခိုက်မှုမရှိကြောင်း Malikha Lodge Hotel က သတင်းထုတ်ပြန်သည်။

မလိခဟိုတယ်သည် ပူတာအိုမြို့မှ နာမည်ကြီးဟိုတယ်တစ်ခုဖြစ်ပြီး ယခင်နိုင်ငံတော် သမ္မတများ၊ နိုင်ငံခေါင်းဆောင်းများ တည်းခိုခဲ့ကြသည်။

ပူတာအိုမြို့သို့ လာရောက်လည်ပတ်သည့် ဧည့်သည်အများအပြား သွားရောက်လည်ပတ်ကြသော အထင်ကရနေရာတစ်ခုဖြစ်သည်။

Photo- Nangseng pong Facebook

Most Read

Most Recent