ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိုင်းဘက်မှတစ်ဆင့် စတင်ဝင်ရောက်လာ

ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိုင်းဘက်မှတစ်ဆင့် စတင်ဝင်ရောက်လာ
Published 25 March 2024

ကရင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိုင်းဘက်မှတစ်ဆင့် စတင်ဝင်ရောက်လာကြောင်း သိရသည်။

မတ် ၂၅ ရက်နံနက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား၊ တာ့ခ်ခရိုင် မဲဆောက်မြို့ ထိုင်းဘက်ခြမ်းရှိ ထိုင်း-မြန်မာ ကြက်ခြေနီအသင်းတို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီးနောက် အကူအညီများ စတင်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အခမ်းအနားသို့ သက်သေများအဖြစ် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဒုဝန်ကြီး Sihasak Phuangketkeow၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တာ့ခ်ခရိုင်နှင့် ကရင်ပြည်နယ်တို့မှ ဒေသခံလူထုကိုယ်စားလှယ်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) မှ အမှုဆောင်ဒါရိုက်တာလည်း တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအပြီးတွင် ကယ်ဆယ်ရေးအိတ်များ သယ်ဆောင်လာသည့် ယာဉ်တန်းသည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကိုဖြတ်၍ ကရင်ပြည်နယ်အတွင်းရှိ ရှေ့ပြေးနေရာ သုံးခုသို့ စတင်ဖြန့်ဝေပေးမည်ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနက ဖြန့်ဖြူးမှုကို ထိရောက်၊ ယုံကြည်ရလောက်ပြီး ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဒေသန္တရလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်း၍ စမ်းသပ်နေရာများတွင် ဖြန့်ဖြူးမှုကို စောင့်ကြည့်ခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမည်ဖြစ်သည်။

အကူအညီများတွင် ဆန်၊ ရိက္ခာခြောက်နှင့် အခြားလိုအပ်သော ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် ကယ်ဆယ်ရေးအိတ် ၄၀၀၀ ပါဝင်မည်ဖြစ်ပြီး စစ်ဘေးရှောင်နှစ်သောင်းခန့်အတွက် အကူအညီများရရှိမည်ဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွှဲပြောင်းပေးအပ်မှုသည် မြန်မာနိုင်ငံရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံနှင့် နီးစပ်သော အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ခွဲခြားဆက်ဆံမှုမရှိဘဲ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများအား တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် အခိုင်အမာ ကတိပြုထားကာ အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယခုပြုလုပ်သည့် ရှေ့ပြေးစီမံကိန်းသည် လာအိုနိုင်ငံ၊ လွမ်ပရာဘန်းတွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က အာဆီယံနိုင်ငံများ အားလုံး၏ ထောက်ခံမှုအပြည့်အဝရရှိခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို မြှင့်တင်ရာတွင် စုပေါင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

ရှေ့ပြေးအဆင့်ကို တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ထိခိုက်ခံစားရသူများ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်အနီးတွင် နေထိုင်ကြသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထပ်မံတိုးမြှင့်ပေးမည့် နည်းလမ်းများအတွက် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ မိတ်ဖက်များနှင့် အနီးကပ် တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent