မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် ငါးရက်ဆက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီရှိလာပြီး စားသောက်ရေးခက်ခဲနေကြောင်း သိရ

မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် ငါးရက်ဆက်တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ ထောင်နှင့်ချီရှိလာပြီး စားသောက်ရေးခက်ခဲနေကြောင်း သိရ
Published 11 March 2024

ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၀ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် ငါးရက်ဆက် ဖြစ်ပွားေနေသာ တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်ကျေးရွာ၊ ရွှေမြစန္ဒီ မြို့သစ်နှင့် မဲကနယ်ကျေးရွာများမှ  စစ်ဘေးရှောင် ပြည်သူထောင်ချီရှိလာပြီး စားသောက်ရေးခက်ခဲလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ ရေပူတောင်ပေါ်ကျောင်း(ခ)ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းတွင် မတ် ၇ ရက်မှ မတ် ၁၁ ရက်ထိ တိုက်ပွဲရှောင်လာသူ ၄၀၀ နီးပါးရှိပြီး စားသောက်ရေးအတွက် ခက်ခဲနေ၍ အလှူရှင်လိုအပ်လျက် ရှိသည်ဟု ဆရာတော်က မိန့်ကြားသည်။

“တိုက်ပွဲတွေစဖြစ်တော့ လူတစ်ရာကျော်လောက်ရောက်လာတယ်၊ ဦဇင်းက ကျွေးထားနိုင်တာပေါ့၊ ဘယ်သူ့မှ မပြောခဲ့ဘူး၊ ခုတော့ သုံးရာကျော် လေးရာနီးဖြစ်လာပြီ၊ နေစရာတွေစီစဉ်ရတယ်၊ လိုအပ်တာကတော့ သောက်ရေ၊ ဆန်နဲ့ စားစရာတွေ အရေးပေါ်လိုအပ်နေပါတယ်။ စေတနာရှင်တွေကိုလည်း လှူဒါန်းပေးကြဖို့ နှိုးဆော်ချင်ပါတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

နှစ်ဖက်တိုက်ပွဲကြောင့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခြင်း၊ သင်္ဃန်းညီနောင်ရွာသစ်တွင် နေထိုင်သူများ သေဆုံး၊ ဒဏ်ရာရသူများရှိပြီး နေအိမ်မီးလောင်၊ ပျက်စီးမှု အများအပြားရှိကြောင်း ရေပူအောက်ကျောင်းသို့ မိသားစုအလိုက် စစ်ရှောင်လာသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ အိမ်တွေကတော့ ဗုံးထိလို့ကြေသွားပြီ၊ မနေ့က သွားကြည့်တာ စိတ်တောင်မကောင်းဘူး၊ လူတွေက ၅ ရက်နေ့ကတည်းက ရှောင်လာလို့ အသက်ချမ်းသာရာရတာပါ၊ ရွာသစ်မှာ အိမ်တွေ အများစုက မီးလောင်တယ်။ လူသေဆုံးမှုတွေလည်းရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အခြေချစစ်ဗျူဟာနှင့် တပ်စခန်းများ တည်ရှိရာ သင်္ဃန်းညီနောင်ကျေးရွာအနီးတွင် မတ် ၇ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ယင်းနေ့တွင် မွန်းလွဲပိုင်းက ၉၀၁ ဝင်းအနီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အတွက် လမ်းသွားနေသည့်  အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent