ကြည့်မြင်တိုင်မြို့နယ်တွင် လူမိုက်ဟုဆိုသည့် ဦးကျော်ဝင်းစိန် အသတ်ခံရမှုတွင် ပါဝင်သူများဟု ယူဆရသူအချို့မှာ အလုံမြို့နယ်တွင်လည်း ရှေ့နေတစ်ဦးကို သံတုတ်၊ ဓားရှည်များဖြင့် ၀ိုင်းဝန်းရိုက်နှက် ခုတ်ထစ်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်

ကြည့်မြင်တိုင်မြို့နယ်တွင် လူမိုက်ဟုဆိုသည့် ဦးကျော်ဝင်းစိန် အသတ်ခံရမှုတွင် ပါဝင်သူများဟု ယူဆရသူအချို့မှာ အလုံမြို့နယ်တွင်လည်း ရှေ့နေတစ်ဦးကို သံတုတ်၊ ဓားရှည်များဖြင့် ၀ိုင်းဝန်းရိုက်နှက် ခုတ်ထစ်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်
Published 7 March 2024

ကြည့်မြင်တိုင်မြို့နယ်တွင် လူမိုက်ဟုဆိုသည့် ဦးကျော်ဝင်းစိန် အသတ်ခံရမှုတွင် ပါဝင်သူများဟု ယူဆရသူအချို့မှာ အလုံမြို့နယ်တွင်လည်း ရှေ့နေတစ်ဦးကို သံတုတ်၊ ဓားရှည်များဖြင့် ၀ိုင်းဝန်းရိုက်နှက် ခုတ်ထစ်ခဲ့သူများဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

အလုံမြို့နယ်၌ မတ် ၅ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်းအရောက်၌ Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှပွတ်တိုက်ပြီး အဆိုယာဉ်ပေါ်မှ လူ ခုနစ်ဦး ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်ခဲ့ခြင်းကြောင့် ၎င်းတွင် ပြတ်ရှဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် ကျပ် ခုနစ်သိန်းကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် Probox ခဲရောင်(ငှား)ယာဉ်၏ ယာဉ်မောင်း ကိုရဲ(ခ)ရဲကျော်လင်းအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးဖော်ထုတ်ချက်များနှင့် ပတ်ဝန်းကျင်သက်သေများအရ ပြစ်မှုကျူးလွန်သူများသည် Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် တစ်စီး၊ Suzuki Swift အပြာရောင် မော်တော်ယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် နှစ်စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ တိမ်းရှောင်နေသည်ဟု သတင်းရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

အထက်ပါသတင်းများအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်း အပါအဝင် ခြောက်ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်သူများဖြစ်သည့် မျိုးမင်းနိုင်(ခ)အရှည်ကြီးပါ သုံးဦး၊ စုစုပေါင်း ကိုးဦးအား မတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော်ယာဉ် နှစ်စီး၊ ဓားရှည် (၅)ချောင်း၊ ဓားမြှောင် (၂)ချောင်း၊ လေးဂွ တစ်လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားခဲ့သည့် ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၂၄၊၃၂၃/၁၁၄၊ ဝေဘာဂီနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄၊ ကမာရွတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ တို့ဖြင့် ဖွင့်လှစ်ထားသော အမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေသူများဖြသည်။

ထို့ပြင် ငမျိုး(ခ)ကိုမျိုး(ခ)ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်းတို့ သုံးဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် (ပ)၂၀၆/၂၀၂၃ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ရာတွင် အဓိကဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုများထံမှ စွပ်စွဲခံထားရသူများဖြစ်ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ဦးကျော်ဝင်းစိန်အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းတွင် လူတစ်စုက ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် လူသိထင်ကြား အမှုတစ်မှုဖြစ်ခဲ့သည်။

ထို့နောက် ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူသည် ကြည်မြင်တိုင်မြို့နယ်မှ ပြစ်မှုဟောင်းများရှိပြီး လူမိုက်ဟုဆိုသည့်  ဦးရဲမျိုးသိန်း (ခ) ငမျိုးဦးဆောင်သည့် အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားပြောဆိူမှုများရှိခဲ့သော်လည်း  ဦးရဲမျိုးသိန်း (ခ) ငမျိုးဦးဆောင်သည့် အဖွဲ့မှာ ဘာသာရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများဆောင်ရွက်နေပုံများကို TitTok လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြကာ ပြင်ပတွင် သွားလာနေထိုင်နေသည်ကိုတွေ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဦးကျော်ဝင်းစိန်၏ဇနီးဖြစ်သူက အမှုဖွင့်ရာတွင်ကြုံတွေ့ရသည့်အခက်အခဲများ၊ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိသည့်အခြေအနေများစသည့်အခြေအနေများကို ပြီးခဲ့သည့် လပိုင်းအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

Most Read

Most Recent