အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ လုယက်ခဲ့သူများအား ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ လုယက်ခဲ့သူများအား ဖမ်းဆီးရမိ
Published 8 April 2024

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ လုယက်ခဲ့သူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မတ် ၂၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်သို့ လုံခြုံရေးတပ်ဖွဲ့များပုံသဏ္ဍာန် အသွင်ယူဝတ်ဆင်ထားသည့် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် နှစ်ပိသာခန့်(ကာလတန်ဖိုး ကျပ်သိန်းတစ်သောင်းကျော်ခန့်)အား လုယက်ယူဆောင်သွားခဲ့သဖြင့် ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူလေးဦးတွင် ပါဝင်သော ပုသိမ်ကြီးမြို့နယ်၊ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် မြတ်သူအောင်အား ဧပြီ ၇ ရက်က ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာတွင် နေထိုင်သည့် ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူ စိုးမိုးဦးနှင့် ကျဘမ်းလုပ်ကိုင်သူ ညီထူးအောင် (ခ)ညီညီ၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာတွင်နေထိုင်သည့် ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူ မျိုးကို (ခ) မျိုးကိုကို (ခ)အားကွေ့တို့အား ၎င်းတို့၏ နေအိမ်များတွင် ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်များအရ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်အား လုယက်၊ ဓားပြတိုက်ရန် သတင်းပေးခဲ့သော အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက် (၂၁)၊ ဘုရားငါးဆူဝန်းတွင် နေထိုင်သည့် ရွှေပန်းထိမ်လုပ် ငန်းလုပ်ကိုင်သူ ကိုကိုနိုင် (ခ)ကိုနိုင်၊ လုယက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊ အရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသည့် ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာတွင် နေထိုင်သည့် လက်သမားလုပ်ကိုင်သူ မင်းမင်းစိုး (ခ)တုတ်ကြီး၊ ရွှေပန်းထိမ်ဆိုင်အား လုယက်ရန်အတွက် ကိုကိုနိုင် (ခ)ကိုနိုင်အား မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံပေးပြီး လုယက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနတ် ဝယ်ယူပေးသည့် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်တွင် နေထိုင်သည့် ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ထက်လှိုင် (ခ)ကိုလှိုင်ကြီး တို့အား ၎င်းတို့နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

အောင်မြေသာစံမြို့နယ်ရှိ လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ လုယက်ခဲ့သူများအား ပြစ်မှုဖြစ်ပွားပြီး (၁၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့ထံမှ ပါဆုံးသက်သေခံ ရွှေထည်ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

 

Most Read

Most Recent