ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 14 March 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ခရိုင်၊ မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျနှင့် မှန်ကန်မှုရှိစေရေး အလေးထားဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက်နားလည်စေရေးတို့အတွက် ရှင်းလင်းဟောပြော ပွဲများဆောင်ရွက်ခြင်း၊ ကားဂိတ်များ၊ ဈေးများတွင် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ဆောင်မှုအခြေအနေများကို ဗဟိုအဖွဲ့သို့ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက  စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ ၇ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖေဖော်ဝါရီ ၁၄ ရက် အမိန့်ကြော်ငြာစာအမှတ် (၂/၂ဝ၂၄) ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့် စာရင်းကောက်ယူရေး အဖွဲ့များအား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူအမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်ပြည့် ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းရန် ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လ ထက်မပိုသည့်ကာလ အပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဖြစ်ကြောင်း၊နိုင်ငံတော် တွင်အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂)၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ရှင်းလင်းဆွေးနွေးပြီး ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်းက ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent