မြဝတီမြို့ရှိ ခလရ(၂၇၅) တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိကြောင်း သိရ

မြဝတီမြို့ရှိ ခလရ(၂၇၅) တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိကြောင်း သိရ
Published 23 April 2024

မြဝတီမြို့ရှိ မြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိကြောင်း သတင်းရှိသည်။

အဆိုပါ ခလရ(၂၇၅)အား ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၁၁ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ရရှိသည်ဟု KNU ကသတင်းထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါ ခလရ(၂၇၅)မှ တပ်ဖွဲ့ဝင်များသည် လက်နက်ချ ဖမ်းဆီးခံရခြင်းမျိုးမဟုတ်ဘဲ ယင်းတပ်ရင်းမှ တပ်မတော်သားများသည် ထိုင်း-မြန်မာ နယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားသို့ ပြောင်းရွှေ့နေရာယူနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမှတ်(၂)ချစ်ကြည်ရေး တံတားတွင် ပြောင်းရွှေ့နေရာယူထားသည့် ခလရ(၂၇၅) တပ်ရင်းမှ တပ်ဖွဲ့ဝင်များအား ဧပြီ ၁၉ ရက် ညပိုင်းမှစတင်၍ KNLA၊ KNDO နှင့် PDF ပူးပေါင်းအဖွဲ့များက Drop Bomb များဖြင့် စတင်ပစ်ခိုက်တိုက်ခဲ့ပြီးနောက် အမှတ်(၂) တိုက်ပွဲများပြင်းထန်ခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ယင်းသို့တိုက်ခိုက်မှုများကြောင့် မြဝတီမှထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ တိမ်းရှောင်သည့် မြန်မာဒုက္ခသည်သည် ဧပြီ ၂၁ ရက်အထိ ဦးရေ ၃၀၀၀ ခန့်အထိရှိခဲ့သော်လည်း ဧပြီ ၂၁ တွင် တိုက်ပွဲများ အရှိန်လျော့ကျသွားသဖြင့် မြန်မာဒုက္ခသည်များ နေရပ်သို့ပြန်လည်သွားရောက်လျက်ရှိရာ ဧပြီ ၂၂ ရက်တွင် ထိုင်းဘက်ခြမ်းတွင် မြန်မာဒုက္ခသည်ဦးရေ တစ်ထောင်ခန့်သာရှိတော့ကြောင်း ထိုင်းတပ်မတော်မှ ထုတ်ဖော်ပြောကြားသည်။

မြဝတီမြို့ တိုက်ပွဲဖြစ်စဉ်အတွင်း ပစ်ခတ်မှုများအကြား အရပ်သားအချို့ သေဆုံး ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

ထို့ပြင် မြဝတီမြို့လုံခြုံရေးနှင့် ​ခလရ(၂၇၅) ပြန်လည်ရရှိရေး တိုက်ပွဲများအတွင်း ကရင်​နယ်ခြားစောင့်တပ်(BGF)ကလည်း တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent