
Published 1 April 2024

ဧပြီလ ပထမ(၁၀)ရက်ပတ်အတွင်း တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် ဧပြီလပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ပိုနိုင်ကြောင်း ဧပြီ ၁ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဧပြီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနိုင်ပြီး ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

မိုးရွာသွန်းမှုအခြေအနေဖြင့် ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

မိုးရွာရက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် သုံးရက်မှ ခြောက်ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တစ်ရက်မှ နှစ်ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေ့အပူချိန်အနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent