ကိုရီးယား EPS-TOPIK စာမေးပွဲကြေး ပေးသွင်းမည့်သူများ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမရှေ့၌ နံနက် ၄ နာရီမှစ၍ အများအပြားတန်းစီစောင့်ဆိုင်း

ကိုရီးယား EPS-TOPIK စာမေးပွဲကြေး ပေးသွင်းမည့်သူများ မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမရှေ့၌ နံနက် ၄ နာရီမှစ၍ အများအပြားတန်းစီစောင့်ဆိုင်း
Published 19 March 2024

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ရန် ဖြေဆိုရမည့် EPS-TOPIK စာမေးပွဲအတွက် မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံခန်းမရှေ့၌ နံနက် ၄ နာရီမှစ၍ စာမေးပွဲကြေးပေးသွင်းမည့်သူများ တန်းစီစောင့်ဆိုင်းနေကြောင်း  သိရသည်။

စာမေးပွဲဖောင်လျှောက်လွှာတင်ထားသူများ မတ် ၁၉ ရက်မှစ၍ ရက်အလိုက် သတ်မှတ်ဦးရေဖြင့် စာမေးပွဲ ကြေးပေးသွင်းရမည်ဖြစ်ကြောင်း၊ ပထမဆုံးပေးသွင်းရမည့် မတ် ၁၉ ရက်တွင် ဝန်ဆောင်မှုလုပ်ငန်းဖြင့် ဝင်ရောက်ဖြေဆိုမည့် မိန်းကလေးများအားလုံး စတင်ပေးသွင်းရန်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ် အကိုင် အေဂျင်စီက ကြေညာထားသည်။

ယင်းနောက် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း လျှောက်လွှာတင် ထားသူများ သတ်မှတ်ရက်၊ သတ်မှတ် Payment No အလိုက် ထပ်မံပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပေးသွင်းရမည့် စာမေးပွဲကြေးမှာ အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာဖြစ်ပြီး မြန်မာငွေဖြင့်လည်း ပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အတွက် စာမေးပွဲဖောင်တင်သူစုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆကျော်များပြားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့်သူတစ်ဦးက “ ဒီနှစ်ကတော့ စံချိန်တင်ပါပဲဗျာ။ မနှစ်ကတောင် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူရေးအားလုံးပေါင်းဖြေဆိုသူမှ သုံးသောင်းကျော်ပဲရှိတာ။ ဒီနှစ်က ခုနစ်သောင်းကျော်ဆိုတော့ နှစ်ဆကျော်လောက်ကို များသွားတာ။ အောင်ဖို့ လွယ်တော့မလွယ်ဘူး။ ပြီးတော့ ဒီနှစ်က အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်းဆိုတဲ့ Skills Test ပါ သက်သက်ဖြေရမှာ။ အောင်မြင်ဖို့ တော်တော်ကြိုးစား ရတော့မယ်” ဟု ပြောကြားသည်။

အဆိုပါစာမေးပွဲဖောင်လျှောက်လွှာကို မတ် ၄ ရက်မှ ၁၀ ရက်အထိ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဖောင်တင်သွင်းရာတွင် အွန်လိုင်းမှတင်သွင်းရသည့်အတွက် အခက်အခဲအနည်းငယ်ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“စာမေးပွဲဖောင်တင်သွင်းတုန်းက ဖုန်းနဲ့သွင်းရတာဆိုတော့ အခက်အခဲအနည်းငယ်ဖြစ်ပေါ်ခဲ့ပါတယ်။ ပုံထည့်မရတာတို့၊ အဆင့်ထပ်နှိပ်မရတာတို့ စသဖြင့် ဖြစ်ပေါ်တာတွေလည်း ကြုံခဲ့ရပါတယ်” ဟု ယင်းစာမေးပွဲဖြေဆိုမည့်သူက ပြောကြားသည်။

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကိုလည်း ယခုနှစ်တွင် စတင်ခေါ်ယူရန် ပြုလုပ်ထားကြောင်း သိရသည်။

အဆိုပါ ၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ( EPS-TOPIK )ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ် ၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲအောင်စာရင်းထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြဂုတ် ၅ ရက်အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဖြေဆိုသူဦးရေအပေါ်မူတည်ပြီး အချိန်ဇယားများ ပြောင်းလဲနိုင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၁၀၀၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent