သုံးရက်ကြာ ကျင်းပမည့် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပ

သုံးရက်ကြာ ကျင်းပမည့် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပ
Photo: NCA - S EAO
Photo: NCA - S EAO
Published 17 March 2024

စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များ(မူကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)ကို ဆွေးနွေးအတည်ပြုနိုင်ရေးဆောင်ရွက်မည့် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် မတ် ၁၇ ရက်က စတင်ကျင်းပလျက် ရှိကြောင်း သိရသည်။

အဆိုပါ (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးကို မတ် ၁၇ ရက်မှ မတ် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယခုမျက်နှာစုံညီအစည်းအဝေးတွင် ပြင်ဆင်ရေးအဖွဲ့က အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့၏ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များ(မူကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)ကို ဆွေးနွေးအတည်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု မျက်နှာစုံညီအစည်းအဝေး၏ သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

" ဖွဲ့စည်းပုံစည်းမျဉ်း(မူကြမ်း)ကို အတည်ပြုနိုင်ပါက စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းသွားဖို့ ရှိပါတယ်" ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ထို့ပြင် အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေသုံးသပ်ခြင်းအပါအဝင် အခြားအရေးပါသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးသွားမည်ဟု သိရသည်။

"စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာလိုက်နာဆောင်ရွက်နိုင်မှသာ အလုပ်ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံရေး၊စစ်ရေး၊အခြားအခြေအနေများက နေ့စဉ်နဲ့ အမျှပြောင်းလဲနေပြီး မိမိတို့ ခုနှစ်ဖွဲ့ထဲက တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာ တွေ့ရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေက ထိလွယ်ရှလွယ်တဲအနေအထားမှာ ရှိနေပါတယ်။ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။မိမိတို့ ခုနှစ်ဖွဲ့အနေနဲ့  EAO (၁၂)ဖွဲ့လက်ခံထားတဲ့ ဖယ်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

ဆက်လက်၍ ၎င်းတို့ ခုနှစ်ဖွဲ့၏ ထိန်းချုပ်သည့် နယ်မြေဒေသအသီးသီးတွင် မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်နှင့် စတင်အုပ်ချုပ်သွားရမှာဖြစ်ကြောင်း၊ မိမိတို့ဒေသများတွင် ရှိနေကြသော လူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ စားဝတ်နေရေးအပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း မျက်နှာစုံညီအစည်းအဝေး၏ သဘာပတိ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်သွားရမှာဖြစ်ပါတယ်။ တစ်ဖက်တွင်လည်း မိမိတို့ ခုနှစ်ဖွဲ့ကြားမှာ တူတာတွဲလုပ်၊ မတူတာခွဲလုပ် ဆိုတဲ့ မူအတိုင်း ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်"ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

 



 

Most Read

Most Recent