ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးလကျော်အတွင်း အရပ်သား ၆၆ ဦး သေဆုံးကာ ၇၉ ဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးလကျော်အတွင်း အရပ်သား ၆၆ ဦး သေဆုံးကာ ၇၉ ဦး ဒဏ်ရာရရှိ
Published 23 April 2024

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် သုံးလကျော်အတွင်း အရပ်သား ၆၆ ဦး သေဆုံးကာ ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၂၀ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ် ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေများကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၅၃၀၀၀၊ ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၁၅၀၊ ဟိုပုံးမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀၀ ရှိကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးရှောင်ဦးရေ ၇၁၁၅၀ ကျော်ရှိသည့်အနက် လူဦးရေ ၂၃၀၀၀ ကျော်မှာ ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက ကယားပြည်နယ်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ စစ်ရှောင်လာသူများဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဆိုသည်။

ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၆၆ ဦး သေဆုံးပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PYO က ထုတ်ပြန်သည်။

အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာရသည့် အကြောင်းရင်းများထဲတွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများပါဝင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၆၂ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၂၉၂၉ ကြိမ်၊ အဆောက်အအုံထိခိုက်ပျက်စီးမှု ၆၀၆ လုံးရှိကြောင်း PYO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆောက်အအုံထိခိုက်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံးကြဲမှုများကြောင်းဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ပြောကြားသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) အနေဖြင့် လက်လှမ်းမှီရရှိသည့် မြေပြင်သတင်းအချက်အလက်များနှင့် အွန်လိုင်းသတင်းအချက်အလက်များအပေါ်တွင် အခြေခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဆိုသည်။

Most Read

Most Recent