စိတ်ပေါ့သွပ်နေသူများ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သား၊ ရဲ၊ ပြည်သူ့စစ်များ၏ သားသမီးအရင်းများ၊ အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်တစ်ခုခုရရှိထားသည့် အားကစားသမားများ၊ လုပ်သက်နှစ်နှစ်နှင့်အထက်ရှိ ဆရာဝန်နှင့် သူနာပြု၊ တပ်မတော်စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ အစရှိသူတို့အား စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ပြု

စိတ်ပေါ့သွပ်နေသူများ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သား၊ ရဲ၊ ပြည်သူ့စစ်များ၏ သားသမီးအရင်းများ၊ အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်တစ်ခုခုရရှိထားသည့် အားကစားသမားများ၊ လုပ်သက်နှစ်နှစ်နှင့်အထက်ရှိ ဆရာဝန်နှင့် သူနာပြု၊ တပ်မတော်စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ အစရှိသူတို့အား စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ပြု
ပုံစာ- မတ် ၂၅ ရက်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်စဉ်(ဓာတ်ပုံ- ရန်ကုန်မြို့တော်စည်ပင်-နေ့စဉ်လှုပ်ရှားမှု facebook)
ပုံစာ- မတ် ၂၅ ရက်က ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်စဉ်(ဓာတ်ပုံ- ရန်ကုန်မြို့တော်စည်ပင်-နေ့စဉ်လှုပ်ရှားမှု facebook)
Published 28 March 2024

စိတ်ပေါ့သွပ်နေသူများ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သား၊ ရဲ၊ ပြည်သူ့စစ်များ၏ သားသမီးအရင်းများ၊ အာဆီယံ၊ အာရှ၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ဆုတံဆိပ်တစ်ခုခုရရှိထားသည့် အားကစားသမားများ၊ လုပ်သက်နှစ်နှစ်နှင့်အထက်ရှိ ဆရာဝန်နှင့် သူနာပြု၊ တပ်မတော်စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ အစရှိသူတို့အား စစ်မှုထမ်းဥပဒေအရ ကင်းလွတ်ခွင့်ပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ချပြရှင်းလင်းခြင်းကို မတ် ၂၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ကျင်းပခဲ့ပြီး ချပြရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးထွန်းထွန်းဦး၊ ဒုတိယ ဥက္ကဋ္ဌ (၂) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ အတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် (၁) များ၊ စက်မှုဇုန်ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ဉာဏ်အရည်အသွေးမမီခြင်းနှင့် အကျင့်စာရိတ္တပျက် ပြားခြင်းတို့ကြောင့် စစ်မှုထမ်းရန်မသင့်လျော်သူများ၊ ဆေးစစ်ဆေးခြင်း သတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူဖြစ်ခြင်း၊ သို့မဟုတ် စိတ်ပေါ့သွပ်နေသည်ဟုသက်ဆိုင်ရာ ဥပဒေကပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရသူများ၊ နိုင်ငံ့အတွက်တာဝန်ထမ်းဆောင်နေပြီး အစားထိုးရန် မဖြစ်နိုင်သေးသော အသိပညာရှင်၊ သို့မဟုတ် အတတ်ပညာရှင်များ၊ တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ သားသမီးအရင်းအချာများ၊ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့ အဆင့် အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တစ်ခုခု ရရှိသော အားကစားသမားများ၊ နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေသော တစ်ဆက်စပ်တည်း လုပ်သက်နှစ်နှစ်နှင့် အထက်ရှိသော ဆရာဝန်နှင့် သူနာပြုများ၊ တစ်ဆက်စပ်တည်းလုပ်သက်နှစ် နှစ်နှင့်အထက်ရှိသော တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၊ ကင်းလွတ်ခွင့်ပြုရန် မဖြစ်မနေလိုအပ်နေသူများအဖြစ်ကျိုးကြောင်း ခိုင်လုံစွာတင်ပြနိုင်သူများအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကင်းလွတ်ခွင့်လျှောက်ထားသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်းတာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း၊ အဆိုပါ လျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိကိုလည်းကောင်း၊ ၎င်းအပြင်၊ လျှောက်ထားသူ၏ မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ် ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူ ဖြစ်ပါကလည်းကောင်း၊ အဆိုပါ လျှောက်ထားသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့ စစ်မှုထမ်းရန်ကာလ၏ သုံးပုံ တစ်ပုံအထိ လျှော့ပေါ့ပေးနိုင်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးသည် တာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်းများ ရှိခဲ့ပါက ထိခိုက်ဒဏ်ရာရရှိသည့်နေ့နောက်ပိုင်း ဆက်လက် တာဝန်ထမ်းဆောင်ရန်ကျန်ရှိသည့် ကာလကို လျှော့ပေါ့ပေးနိုင်ကြောင်း သိရသည်။

ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှသတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော်လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း၊ ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်းမပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ ကိုယ် လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခု အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း၊ ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သို့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူနေသူဖြစ်ခြင်းတို့ကြောင့် ပြည်သူ့စစ်မှုထမ်းရမည့် တာဝန်မှ  ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေလိုအပ်နေသူများအား ရွှေ့ဆိုင်းခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိ အမျိုးသားအားလုံးနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ အမျိုးသမီးအားလုံး၊ စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး စက်မှုလက်မှုအပါအဝင် ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီး ၁၈ နှစ်မှ ၃၅ နှစ်အထိ အကျုံးဝင်ကြောင်း၊ မည်သည့်ဘာသာဝင်မဆို သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ (သားသမီးရှိသောအိမ်ထောင်ပျက် အမျိုးသမီးများအပါအဝင်) ဆေးစစ်ဆေးချက်အရ စစ်မှုထမ်းရန်မသင့်လျော်သူ၊ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သီးခြားအမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသူများမှလွဲ၍ အကျုံးဝင်သူ အားလုံးသည်၊ မဖြစ်မနေ စစ်မှုထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ယာယီဆေး အဆင့်နိမ့်နေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ ပြုစုစောင့်ရှောက်မည့်သူမရှိသည့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်ကုသမှုခံယူနေသူများနှင့် ထောင်ဒဏ်ကျခံနေရသူများသည် စစ်မှုထမ်းကာလကို ယာယီရွှေ့ဆိုင်းခွင့် ပြုသူများတွင်ပါဝင်ကြောင်း သိရသည်။

ယာယီရွှေ့ဆိုင်းခွင့်ပြုထားသူများအနေဖြင့် အသက်ကန့်သတ် ချက်ကျော်လွန်သွားပါက ကင်း လွတ်ခွင့်ရရှိမည် မဟုတ်ဘဲ ဆက်လက်၍ တာဝန်ထမ်း ဆောင်ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းကာလအနေဖြင့် သာမန်လူများအတွက် နှစ်နှစ် ဖြစ်ပြီး၊ ပညာသည်များအတွက် သုံးနှစ်ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေများတွင် မည်သူ့ကိုမဆို စစ်မှုထမ်းကာလ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရန် သက်တမ်းတိုးမြှင့်နိုင်ကြောင်း၊ အခွင့်အရေးများအနေဖြင့် စစ်မှုထမ်းကာလအတွင်း အဆင့်အလိုက် လစာစရိတ် များခံစားခွင့် ရရှိမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ကျဆုံးခဲ့ပါက တပ်မတော်က သတ်မှတ်ထားသည့်အတိုင်း ခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း၊ ပါရဂူဘွဲ့၊ အခြား အသက်မွေးဝမ်းကျောင်းဘွဲ့နှင့် သတ်မှတ်အရည်အချင်းပြည့်မီသူများကို ပြန်တမ်းဝင်အရာရှိအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည့် အချက်ကိုလည်း ထည့်သွင်းပြဌာန်းထားကြောင်း၊ မြို့နယ်အဖွဲ့က အသက်ပြည့်မီသူများကို ဆင့်ခေါ်၍ မှတ်ပုံတင်ထားရှိကာ လက်မှတ်ထုတ်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ရရှိသူများကို ဆေးစစ်ရန်ဆင့်ခေါ်မှာဖြစ်ကြောင်း၊ စစ်မှုထမ်းရန်ဆင့်ခေါ်စာကို သက်ဆိုင်ရာ ပုဂ္ဂိုလ်သို့ တိုက်ရိုက်ပေးအပ်ရမည်ဖြစ်ပြီး၊ မတွေ့ရှိခဲ့လျှင် မိသားစုပင်တစ်ဦးဦးထံသက်သေ တစ်ဦး၏ရှေ့တွင် ပေးအပ်ရမည်ဖြစ်ပြီး ယင်းသို့ပေးအပ်ခြင်းသည် ဥပဒေအရသက်ဆိုင်ရာ ပုဂ္ဂိုလ်လက်ထဲသို့ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မတ် ၁၂ ရက်က ပထမအကြိမ် ပြုလုပ် ခဲ့ပြီး မြို့နယ်အဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ချပြရှင်းလင်းခဲ့ပြီးနောက်ပိုင်း၊ မြို့နယ်အဖွဲ့များကတင်ပြလာသည့် လျှောက်လွှာများ၊ နေ့စဉ်စာရင်းဇယားများကို ဗဟိုအဖွဲ့သို့တင်ပြလျက်ရှိရာ၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများဖြစ်စေရေးနှင့် မြေပြင်တွင် လုပ်ငန်းများဆောင် ရွက်ရာ၌ အဂတိကင်းရန် လိုအပ်ကြောင်း၊ ပြည်သူအချို့သည် ယခုအချိန်အထိ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောင်းစွာနားလည်သဘောပေါက်ခြင်း မရှိ သေးဘဲ မဟုတ်မမှန်သတင်းများကို ဖြန့်ဝေလျက်ရှိသော မီဒီယာအချို့ကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် သဘောပေါက် နားလည်စေရေးအတွက် ရှင်းလင်းဟောပြောပွဲများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းတို့ကို အကြိမ်ရေများစွာ ကျယ်ကျယ်ပြန်ပြန့် ဆောင်ရွက်ကြရန်နှင့် စာရင်းကောက်ယူချိန်တွင် သေချာစွာ နားလည်စေ‌ရေးရှင်းပြပြီး စာရင်းဇယားများ မှားယွင်းမှုမရှိစေရေးကိုအလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

 

Most Read

Most Recent