မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ယာဉ်နှစ်စီး မီးလောင်ပျက်စီးကာ တိုးဂိတ်မန်နေဂျာတစ်ဦး သေဆုံး

မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ်ကားလမ်းတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး ယာဉ်နှစ်စီး မီးလောင်ပျက်စီးကာ တိုးဂိတ်မန်နေဂျာတစ်ဦး သေဆုံး
Published 15 March 2024

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်လှာကျေးရွာအနီး မော်လမြိုင် - သံဖြူဇရပ်ကားလမ်းတွင် မတ် ၁၄ ရက် ညပိုင်းအချိန်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်နှစ်စီး မီးလောင်ပျက်စီးခဲ့ကာ တိုးဂိတ်မန်နေဂျာတစ်ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မတ် ၁၄ ရက် ည ၆ နာရီ ၄၅ မိနစ်ခန့်က မုဒုံမြို့နယ် ကွမ်လှာကျေးရွာတွင် အမှုစစ်ပြီး မော်တော်ယာဉ်ဖြင့် ပြန်လာသည့် ကမာဝက်နယ်မြေရဲစခန်းမှ စခန်းမှူးမှာ ကွမ်လှာကျေးရွာ သုသာန်အနီး မော်လမြိုင် - သံဖြူဇရပ်ကားလမ်းပေါ်တွင် မော်တော်ဆိုင်ကယ် နှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် လဲကျနေသည့် မော်တော်ဆိုင်ကယ်များအား ဝင်ရောက်ထူမနေစဉ် ကွမ်လှာကျေးရွာ သုသာန်အတွင်းမှ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့မှ လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကမာဝက်စခန်းမှူးကတော့ လွတ်မြောက်သွားပေမယ့်၊ စီးလာတဲ့ကားက မီးလောင်ပျက်စီးသွားတယ်။ နောက်စခန်းမှူးရဲ့ သေနတ်တစ်လက်လည်း ကားထဲမှာပဲဆိုတော့ ပျက်စီးသွားလောက်တယ်” ဟု ပြောကြားသည်။

အခင်းဖြစ်ပြီးနောက် သံဖြူဇရပ်မြို့နယ် စရဖနှင့်အဖွဲ့မှ မော်တော်ယာဉ်တစ်စီးနှင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာချိန်တွင်လည်း ထိုကွမ်လှာသုသာန်အတွင်းမှ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ထပ်မံပစ်ခတ်ခဲ့သည့်အတွက် စရဖနှင့် အဖွဲ့မှာ ထွက်ပြေးလွတ်မြောက်သွားကြသော်လည်း မော်တော်ယာဉ်မှာ ကျန်ရစ်ခဲ့ကြောင်း၊ ထိုကျန်ရစ်ခဲ့သည့် မော်တော်ယာဉ်အား လက်နက်ကိုင်အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက်တွင် မော်လမြိုင်ဘက်မှ သံဖြူဇရပ်ဘက်သို့ ပြန်လာသည့် သံဖြူဇရပ်တိုးဂိတ်မှ မန်နေဂျာဆိုသူမှာလည်း မော်တော်ယာဉ်များအား မီးလောင်နေသည်ကို ဆင်းကြည့်စဉ် ထိုကွမ်လှာသုသာန်အတွင်းမှ လက်နက်ကိုင်အဖွဲ့မှ လက်နက်ငယ်များနှင့် ထပ်မံပစ်ခတ်ခဲ့ရာ တိုးဂိတ်မန်နေဂျာဆိုသူမှာ ကျည်ထိမှန်သေဆုံးခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။

“မနေ့ (မတ်လ ၁၄ ရက်) ည ၇ နာရီ အထိုးခင်အချိန်ကစလို့ ပစ်ခတ်သံ‌တွေ သုံးကြိမ်လောက် ကြားလိုက်ရတယ်။ ပေါက်ကွဲသံတွေလည်း ကြားရတယ်။ ရွာကလူတွေက ကြောက်လို့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူး။ မနက်မှ အကြောင်းစုံသိကြရတာ။ ကားနှစ်စီးမီးလောင်ပျက်စီးသွားတယ်။ နောက်သံဖြူဇရပ်တိုးဂိတ်က မန်နေဂျာတစ်ဦး သေဆုံးသွားတယ်လို့ ကြားသိရတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

မတ် ၁၅ ရက် နံနက်ပိုင်းတွင် အခင်းဖြစ်ပွားခဲ့ရာနေရာဝန်းကျင်သို့ တပ်မတော်မှ စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

Most Read

Most Recent