၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား တစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း သိရ

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာနိုင်ငံသား တစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း သိရ
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို လိုက်လံပို့ဆောင်နေသည့် မိသားစုဝင်အချို့ကို မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ -သီဟအောင်)
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများကို လိုက်လံပို့ဆောင်နေသည့် မိသားစုဝင်အချို့ကို မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ -သီဟအောင်)
Published 29 March 2024

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသားတစ်သိန်းခြောက်သောင်းကျော်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ယခင်နှစ် ဧပြီလမှ ယခုနှစ်ဖေဖော်ဝါရီလကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရ ကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်အချက်အလက်များအရ ယခင်နှစ်ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှတစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။

“ အခုကတော့ လေဆိပ်မှာ နေ့တိုင်းနီးပါးလောက် လူကပြည့်နေတာပဲ။ အလုပ်သွားလုပ်မယ့်သူတွေကို လိုက်ပို့တဲ့သူတွေရောမနည်းဘူး။ လေဆိပ်ထဲမှာ။ အကုန်လုံးက အလုပ်သွားလုပ်ကြတာချည်းပဲ”ဟု မတ် ၂၈ ရက်ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိသည့် အေဂျင်စီ ၅၀၀ ကျော်ရှိသည်။

မြန်မာလုပ်သားအများစုမှာ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လျက်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်အချက်အလက်များအရ တစ်လလျှင် တစ်သောင်းခန့်သွားရောက်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများမှာလည်း နေ့စဉ်နီးပါး ဖမ်းဆီးခံနေရပြီး ထိုင်းအာဏာပိုင်များဘက်ကလည်း နယ်စပ်အဝင်အထွက်များကို သတိထားစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်က လာအိုနိုင်ငံသို့ မြန်မာလုပ်သားများ သွားရောက်လုပ်ကိုင်မှုမရှိသလောက် နည်းပါးခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် တရားဝင်သွားရောက်လုပ်ကိုင်မှုများလည်းရှိလာကြောင်း ပြည်ပအလုပ်အကိုင်စျေးကွက်အတွင်းမှ သိရသည်။

“အရင်ကနယ်စပ်က လူတွေလောက်ပဲ လာအိုကိုသွားကြတာ။ အခုကတော့ ရန်ကုန်မှာနေတဲ့သူတွေတောင် လာအိုမှာ အလုပ်သွားလုပ်ကြတာရှိတယ်” ဟု ပြည်ပအလုပ်အကိုင် ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ထို့ုပြင် ယခုနှစ်တွင်လည်း ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက်  ဘာသာစကားစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် အလုပ်သမားအရေအတွက်မှာ ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆကျော်များပြားခဲ့ပြီး ဖောင်တင်သူခုနစ်သောင်းကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent