ယာယီရပ်နားထားသည့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ မတ်လ ၂၄ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်

ယာယီရပ်နားထားသည့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များ မတ်လ ၂၄ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲမည်
Published 23 March 2024

သထုံမြို့နယ် ဒုံဝန်းဘူတာ နှင့် သိမ်ဆိပ်ဘူတာကြား မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ရထားပေါင်းကူးတံတား၊ ရထားလမ်း နှင့် ကုန်တင်ရထား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ယာယီရပ်နားထားခဲ့သည့် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များအား မတ်လ ၂၄ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာမှ တာဝန်ရှိသူများထံမှ သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရထားပေါင်းကူးတံတား၊ ရထားလမ်းပိုင်းအား ပြန်လည်ပြုပြင် ပြီးစီးသွားပြီးဖြစ်သည့်အပြင် ကုန်ရထားတွဲများကိုလည်း ရှင်းလင်းဆောင်ရွက်ပြီး ဖြစ်သည့်အတွက်ကြောင့် ရထား ခရီးစဉ်များအား မတ်လ ၂၄ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲ သွားပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်အတွက် ရိုးရိုးတန်း နဲ့ အထက်တန်းလက်မှတ်တွေကို ဒီနေ့ (မတ်လ (၂၃) ရက်) မနက် (၉) နာရီကစလို့ ပြန်လည်ရောင်းချပေးနေပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ (၁၈) ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းဘူတာမှ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိကျေးရွာသို့ သွားရောက်မည့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင် (၁၄) တွဲပါ အမှတ် (၆၈၆) ကျောက်တင်ကုန်ရထားမှာ သထုံမြို့နယ် မိုးကောင်းကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ရထားလမ်း၊ ရထားလမ်းမိုင်တိုင်အမှတ် (၁၂၃/၁) နှင့် (၁၂၂/၂၃) ကြား ပေါက်ကူးတံတားအမှတ် (၇၅) အရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထောက်ဖေါက်ခွဲ ဖျက်ဆီးခံရမှုကြောင့် လမ်းခင်းကျောက်များတင်ဆောင်လာသော တွဲဆိုင်း (၁၄) တွဲပါ ကုန်တင်ရထားမှာ ကုန်တွဲ (၂) တွဲ လမ်းချော်သွားကာ၊ ကုန်တွဲ (၅) တွဲမှာ တိမ်းမှောက်သွားကြောင်း နှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မော်လမြိုင် - ရန်ကုန် အစုန်၊ အဆန်ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းထားကာ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်ဆီးခဲ့သည့် ရထားပေါင်းကူးတံတား နှင့် ရထားလမ်းပိုင်းတို့အား ပြန်လည်ပြုပြင်မှုများလုပ်ဆောင်နေချိန်တွင်လည်း Drone နှင့် Drop Bomb ချတိုက်ခိုက်ခံရသည့် အတွက်ကြောင့် ရထားပေါင်းကူးတံတားနှင့် ရထားလမ်းပိုင်းပြင်ဆင်ရန် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်းပေါ်ရှိ ပေါင်မြို့နယ် သထုံမြို့နယ်၊ ဘီးလင်းမြို့နယ် နှင့် ကျိုက်ထိုမြို့နယ်များတွင်း ရထားလမ်းများမကြာခဏမိုင်းခွဲဖျက်ဆီးခံရလေ့ရှိသည့်အပြင်၊ လူစီးရထားများ၊ ကုန်တင်ရထားတွဲများ မကြာခဏ မိုင်းခွဲခံရလေ့ရှိကြောင်း သိရသည်။

 (၂၀၂၃) ခုနှစ် ဩဂုတ်လ (၂၀) ရက် နံနက်ပိုင်းကလည်း သထုံမြို့နယ် ဒုံဝန်းဘူတာ နှင့် သိမ်ဆိပ်ဘူတာကြား ရထားမိုင်တိုင်အမှတ် (၁၂၃/၂၃) နှင့် (၁၂၃/၂၄) ကြားတွင် ဘီးလင်းဘူတာဘက်မှ သထုံဘူတာဘက်သို့ မောင်းနှင်လာသည့် အမှတ် (၆၁၆) အဆန် ကျောက်တင်ကုန်ရထားတစ်စင်းမှာလည်း မိုင်းဆွဲဖျက်ဆီးခဲ့ရဖူးပြီး၊ ကုန်ရထားထိခိုက်မှုမရှိခဲ့သော်လည်း ရထားလမ်းမှာ (၁) ပေခန့်ပြတ်တောက်ပျက်ဆီးသွားခဲ့သေးကြောင်း သိရသည်။

Most Read

Most Recent