ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးနေစဉ် နွံကန်ပေါက်ကျမှုတွင် သေဆုံးသူများအား ပြန်လည်တွေ့ရှိရန်နှင့် သေဆုံးသူ မည်သူဆိုသည်ကို သိရှိရန်ခက်ခဲနေ

ဖားကန့်ဒေသ၌ ကျောက်စိမ်းတူးနေစဉ် နွံကန်ပေါက်ကျမှုတွင် သေဆုံးသူများအား ပြန်လည်တွေ့ရှိရန်နှင့် သေဆုံးသူ မည်သူဆိုသည်ကို သိရှိရန်ခက်ခဲနေ
Published 15 March 2024

ကချင်ပြည်နယ် ဖားကန့်ဒေသ မနမှော်တွင် ကျောက်စိမ်းတူးနေစဉ် မတ် ၁၂ ရက် နံနက်အစောပိုင်းက နွံကန်ပြိုပြီး လူအများအပြား ပျောက်ဆုံးမှု သေဆုံးသူများကို ပြန်တွေ့ရန်နှင့် သေဆုံးသူမည်သူဆိုသည်ကို သိရှိရန်ခက်ခဲနေကြောင်း လူမှုကူညီရေးအဖွဲ့နှင့်ဒေသခံများက ပြောကြားသည်။

ပျောက်ဆုံးသူစာရင်းကို လုပ်ငန်းခွင်ကြီးကြပ်သူများနှင့် ကေအိုင်အေ လက်နက်ကိုင် အုပ်ချုပ်ရေးအဖွဲ့က ထိန်းချုပ်ထားမှုကြောင့် ပျောက်ဆုံးသူများစာရင်းကို ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက အတိအကျသိရန် ခက်ခဲနေကြောင်း ဆိုသည်။

မြေပြိုကျင်းအနီးတွင် ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “လူမှုကူညီရေးအသင်းတွေအားလုံးနီးပါက မနေ့နေ့လည်ကတည်းက နားလိုက်ကြတာ။ ဘယ်အဖွဲ့မှ စာရင်းမရဘူး။ နွံတွေက ပေ ၂၀ အထက်လောက် ဖုံးသွားတော့ အလောင်းတွေ ပြန်ရဖို့လည်း မဖြစ်နိုင်တော့ဘူး။ မှတ်ပုံတင်တွေကို သိမ်းနေကြတာတော့ အထူကြီးပဲ။ ပွင့်ပွင့်လင်းလင်း တာဝန်မယူကြတော့ ကျန်ရစ်သူမိသားစုတွေ နစ်နာတာပေါ့။ ကျွန်တော်သိတာက မြိုင်က အများဆုံးပဲ။ နှစ်ဆယ်ကျော်တယ်။ ကျန်တာတွေလည်း များတယ်ဗျ။ သုံးဆယ်အထက် ဆိုတာတော့ မှန်တယ်။ အားလုံးက လုပ်နေကြပေမယ့် ဘယ်အဖွဲ့အစည်းမှ ပွင့်ပွင့်လင်းလင်းမရှိပါဘူး” ဟု ဆိုသည်။

မြေပြိုမှုကြောင့် ဘက်ဟိုး ၁၀ စီးကျော်နှင့် မြေသယ်ကားအစီး ၂၀ ဝန်းကျင် နွံအတွင်း နစ်မြုပ်သွားပြီး ယာဉ်မောင်းသူများမှာ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိကြောင်း နီးစပ်သူများက ဆိုသည်။

“လွတ်လာတာမှာ လေးယောက်လားပဲရှိတယ်။ ရှာတာတောင် လူမှုကူညီရေးတွေ အင်နှင့်အားနှင့် ရောက်လာမှ ဘက်ဖိုးနဲ့  ကမ်းပါးဘေးနွံဖယ်လို့ နှစ်ယောက်တွေ့တာ။ မှတ်ပုံတင်တွေက အလုပ်ရုံးမှာ စုထားတော့ စာရင်းတော့ အတိအကျရှိတယ်။ အခုတော့ နစ်နာကြတာပေါ့ဗျာ။ သေလို့သေကြမှန်းကို မိသားစုက သိမှာမဟုတ်ဘူး။ ကေအိုင်အေအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သင့်တယ်ဗျ” ဆိုသည်။

နွံကန်ပေါက်ကျမှုကြောင့် လုပ်ကွက်အတွင်းရှိ ကိုဖြိုးဝေ(ယာဉ်မောင်း)၊ ကျောက်ဇင်ဝိုင်း (ကြီးကြပ်)၊ ဟိန်းမင်းလတ် (ဘက်ဖိုးမောင်း)၊ စည်သူမျိုး (မိုင်းအဖွဲ့) လေးဦးမှာ ထွက်ပြေးလွတ်မြောက်လာပြီး ဒဏ်ရာရရှိထားမှုကြောင့် ဖားကန့်ဆေးရုံသို့  ပို့ဆောင်ကုသခဲ့ရသည်။

ယခုပေါက်ကျသည့် နွံကန်သည် ၂၀၂၃ ခုနှစ် သြဂုတ် ၁၃ ရက်က ပေါက်ကျခဲ့ပြီး လူ ၃၆ ဦးပျောက်ဆုံးက ၃၃ ဦးအလောင်းပြန်ရသည့်  နွံကန်နှင့်ကပ်လျက်တွင် တည်ရှိနေသည့် ကန်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၃ ရက် ညပိုင်းအထိ အမျိုးသားရုပ်အလောင်းနှစ်လောင်း ရရှိထားပြီး တစ်ဦးမှာ ဘုတလင်မြို့နယ်၊ ကျောက်အိုးရွာက အသက် ၃၅ နှစ်အရွယ်ရှိ ဦးမျိုးညွန့်ဆိုသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent