■ ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေအနီးတွေ့ရှိသည့် လင်းပိုင် ၁၅ ကောင်ကို အသေအပျောက်မရှိ ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း သိရ

■ ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေအနီးတွေ့ရှိသည့် လင်းပိုင် ၁၅ ကောင်ကို အသေအပျောက်မရှိ ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း သိရ
Published 13 March 2024

ဧရာဝတီတိုင်း မော်တင်စွန်းကမ်းခြေအနီးတွေ့ရှိသည့် လင်းပိုင်များကို ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း မော်တင်စွန်းဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မတ် ၁၂ရက်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ မြတ်မော်တင်စွန်းစေတီကမ်းခြေတွင် ငါးဖမ်းပိုက်များနှင့်အတူ ဖမ်းမိထားသည့် လင်းပိုင်များကို တွေ့ရှိရပြီး ရေလုပ်သားအချို့က ပြန်လွှတ်ပေးရန် စီစဉ်နေသည့် ဓာတ်ပုံအချို့ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သည်။

" လိုင်းပေါ်မှာကတော့ ဓာတ်ပုံတွေကြည့်ပြီး ဖမ်းလာတာလား ဘာလားဆိုပြီး အစုံပြောနေကြတာပေါ့ဗျာ။ အမှန်က ငါးဖမ်းပိုက်ဆွဲရင်းနဲ့ လင်းပိုင်တွေက ပါလာတာ။ ဘယ်သူမှ လင်းပိုင်တွေကို ဖမ်းတာမရှိပါဘူး။ ဒီဘက်မှာက ပိုက်ကို လူ ၂၀၊ ၃၀ လောက် ၀ိုင်းဆွဲရတာ။ ကမ်းစပ်ကို နီးလာတော့မှ လင်းပိုင်တွေ ပါလာတာသိရတယ်။ စုစုပေါင်း ၁၅ ကောင်ပေါ့။ တစ်ကောင်မှ အသေအပျောက်မရှိပါဘူး။ ၁၅ ကောင်လုံးကို အသေအပျောက်မရှိ လွှတ်ပေးပြီးပါပြီ" ဟု မော်တင်စွန်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လင်းပိုင်များကို ပိုက်ကွန်များတွင် ဖမ်းဆီးရမိသည့် ကမ်းခြေမှာ မော်တင်စွန်းနှင့် ငွေတောင်ကမ်းခြေအကြားရှိ ကြာကန်ကျေးရွာအနီးရှိ သဲသောင်ပြင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

" လင်းပိုင်လိုငါးမျိုး၊ လင်းရှုးလိုငါးမျိုး၊ ဝေလငါးလို ငါးမျိုးစိတ်တွေ အဲ့ဒီကမ်းခြေမှာ ခဏခဏ ကမ်းလာကပ်တာ၊ တင်တာမျိုးတွေရှိတယ်။ ဝေလငါးမျိုးစိတ်လိုငါးမျိုးဆို ပေ ၂၀၊ ၂၅ ပေလောက်ရှိတဲ့ကောင်တွေလည်း ကမ်းလာကပ်တာ တွေ့ရတယ်။ တချို့ကျတော့ သေပြီး လာတင်နေတာတွေရှိတယ်" ဟု အဆိုပါဂေါပကအဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

မော်တင်စွန်း ကမ်းခြေဘက်မှာ ကျောက်တန်းများရှိနေသဖြင့် လင်းပိုင်များမှာ ကမ်းနှင့်အနီးဆုံးသို့ ကပ်ခြင်းမရှိဘဲ ရေနက်ပိုင်းတွင်သာနေထိုင်ကြောင်း၊ ကြာကန်ကျေးရွာအနီးတွင် သဲသောင်ပြင်ရှိသဖြင့် ကမ်းနှင့်အနီးဆုံးသို့ ကပ်လာသည့်အချိန်တွင် ပိုက်ကွန်များတွင် ပါလာခြင်းဖြစ်သည်ဟု သိရသည်။

" ပြောရမယ်ဆိုရင် ဒီလိုဖြစ်စဉ်တွေက ဒီဘက်မှာ မထူးဆန်းဘူး။ ဘုရားပွဲကာလနီးလာတဲ့ တပေါင်း၊ တန်ခူးဆိုရင် ဒီလင်းပိုင်တွေကို တွေ့ရတယ်။ ဒီငါးတွေက နှစ်စဉ်နှစ်တိုင်းလို လာနေတာ။ ဒီဘက်က ဒေသခံတွေကလည်း ဒီငါးတွေနဲ့ ရင်းနှီးနေတယ်။ ပြန်လွှတ်ပေးရမယ့် ငါးတွေဆိုတာလည်း သိကြတယ်။ ဘယ်သူမှ စားတာလည်းမရှိသလို ရောင်းတာလည်း မရှိဘူး။ ရှေးလူကြီးသူမတွေ ပြောတာတွေ အရဆို မြစ်ထဲသင်္ဘောသွားရင် ဘေးနားမှာကပ်လိုက်လာတာ။ အုပ်လိုက်ကြီး။ သင်္ဘောတစ်စုံတစ်ခုဖြစ်ရင် ကူညီတတ်တဲ့ငါးမျိုးတွေ။ ရှေးလူကြီးတွေက ပြောပြဖူးတယ်။ အခုထိလည်း သင်္ဘောသွားရင် ဘေးနားမှာ အုပ်လိုက်ကြီး လိုက်တာတွေရှိတယ်။ အနည်းဆုံးမရှိရင်တောင် ရာဂဏန်းလောက်အထိရှိတယ်" ဟု အဆိုပါဂေါပကအဖွဲ့ဝင်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent