နေ့ အပူရှိန် ပူပြင်းမှုကြောင့် တောင်ဥက္ကလာပ နှင့် အင်းစိန် မြို့နယ်တို့တွင် ရုတ်တရက် လဲကျပြီး ဦးဇင်းတစ်ပါး ပျံလွန်တော်မူကာ လူတစ်ဦး သေဆုံး

နေ့ အပူရှိန် ပူပြင်းမှုကြောင့် တောင်ဥက္ကလာပ နှင့် အင်းစိန် မြို့နယ်တို့တွင် ရုတ်တရက် လဲကျပြီး ဦးဇင်းတစ်ပါး ပျံလွန်တော်မူကာ လူတစ်ဦး သေဆုံး
Published 10 April 2024

နေပူရှိန်ပြင်းနေသည့် မွန်းလွဲပိုင်းအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၌ ဦးဇင်းတပါး ရုတ်တရက်လဲကျပြီး ပျံလွန်တော်မူပြီး အင်းစိန်မြို့နယ်တွင်လည်း လူတစ်ဦး ရုတ်တရက်လဲကျသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်း ပင်းယမှတ်တိုင်အနောက် အမှတ် ၃ဝိုင်း ဝမ်းတော်ပြည့်ဘုန်းကြီးကျောင်းဘေး တွင် ဦးဇင်းတစ်ပါး နေပူထဲတွင် ရုတ်တရက်လဲကျပြီး ပျံလွန်တော်မူသွားကြောင်း ပတ်ဝန်းကျင်မှ လူများ အကြောင်းကြားသဖြင့် သွားရောက်ခဲ့ပြီး Dead Body အား မြောက်ဥက္ကလာဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟု အဆိုပါအသင်းမှ သိရသည်။

" သူ့မှာရောဂါအခံရှိမရှိတော့ မသိရသေးဘူး။ ဆေးရုံမှာတော့ ဆေးစာထွက်ရင်တော့ သိရမယ်။ ဒီတိုင်းလမ်းသွားရင်းနဲ့ လဲကျပြီး ပျံလွန်တော် မူသွားတာပါ" ဟု မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီး စိတ္တသုခလမ်းထိပ်တွင် အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း ပတ်ဝန်းကျင်လူများက အကြောင်း ကြားသဖြင့် တွဲလက်လူမှုကူညီရေးအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

ဧပြီ ၉ ရက် ညနေ ၄ နာရီ ၄၀ မိနစ်တွင် အသက် ၄၅နှစ် ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးမှာ ပြင်ပဒဏ်ရာမရှိဘဲ အပူချိန်မြင့်တက်မှုကြောင့် ဦးနှောက်သွေးကြောပြတ် လဲကျ သေဆုံးခဲ့သည်ဟု ယူဆရကြောင်း၊ အဆိုပါအမျိုးသား၏ ရုပ်အလောင်းအား အင်းစိန်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း တွဲလက် လူမှုကူညီရေးအသင်းထံမှ သိရသည်။

Most Read

Most Recent