ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် LFA 181 ပြိုင်ပွဲတွင် ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန် LFA 181 ပြိုင်ပွဲတွင် ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်
Photo: LFA
Photo: LFA
Published 4 March 2024

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် LFA 181 ပြိုင်ပွဲတွင် ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

LFA 181 ပြိုင်ပွဲကို လာမည့် ဧပြီ ၅ ရက်တွင် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်၊ ပရီရားလိတ်မြို့ရှိ မိုင်စတစ်လိတ် ကာစီနိုဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၇ ဆိုင်းပါဝင်မည်ဖြစ်ပြီး ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် ဒုခေါင်ပွဲအဖြစ် ဘင်တန်ဝိတ်တန်း၌  ဗီယက်နမ်ဖိုက်တာ ကွမ်လီနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အဓိကခေါင်ပွဲမှာ LFA ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဘရာဇီးလ်ဖိုက်တာ အက်ဒွါဒိုနှင့် စိန်ခေါ်သူ အမေရိကန်ဖိုက်တာ  ဟာနန်ဒက်ဇ်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဗီယက်နမ်ဖိုက်တာ ကွမ်လီသည် ပရော်ဖက်ရှင်နယ် MMA ပွဲ ၇ ပွဲ ထိုးသတ်ထားရာ ရှုံးပွဲတစ်ပွဲမှမရှိဘဲ ၇ ပွဲစလုံး အနိုင်ရရှိထားသည်။

ကွမ်လီသည် ယင်း ၇ ပွဲတွင် LFA ပရိုမိုးရှင်းနှင့် ၆ ပွဲ လက်တွဲထိုးသတ်ခဲ့ပြီး ကျန်တစ်ပွဲမှာ Evolution ပရိုမိုးရှင်းနှင့် လက်တွဲထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်လီသည် ပရော်ဖက်ရှင်နယ် MMA ပွဲ ၇ ပွဲ အနိုင်ရရှိထားရာတွင် အလဲထိုး ၄ ပွဲပါဝင်ပြီး ကျန် ၃ ပွဲမှာ အမှတ်ဖြင့် အနိုင်ရရှိထားခြင်းဖြစ်သည်။

ချင်းတိုင်းရင်းသား MMA ဖိုက်တာ ထီရယ်လ်ထန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာအတွင်းက အမေရိကန်နိုင်ငံသား ချားရစ်အိုကွန်နှင့် နောက်ဆုံးထိုးသတ်ထားခဲ့သည်။

ထီရယ်လ်ထန်သည် ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက All in Combat-4 ပြိုင်ပွဲ၊ ဘင်တန်ဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲအဖြစ် အမေရိကန်နိုင်ငံသား ချားရစ်အိုကွန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ထီရယ်လ်ထန်သည် ၎င်း၏ ပရော်ဖက်ရှင်နယ် MMA ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်လုပွဲ ထိုးသတ်ရခြင်းဖြစ်သော်လည်း ချန်ပီယံခါးပတ်ရရှိမည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ထီရယ်လ်ထန်သည် ပရော်ဖက်ရှင်နယ် MMA ပွဲ ၉ ပွဲ ထိုးသတ်ထားရာ ၆ ပွဲအနိုင်ရရှိထားပြီး ၃ ပွဲရှုံးနိမ့်ထားသည်။

ထီရယ်လ်ထန်သည် ပရော်ဖက်ရှင်နယ် MMA ပွဲများအဖြစ် ONE Championship နှင့် ၅ ပွဲ၊ AIC (ALL IN COMBAT) နှင့် ၃ ပွဲ၊ LFA နှင့် တစ်ပွဲ ထိုးသတ်ထားခြင်းဖြစ်သည်။

ထီရယ်လ်ထန်သည် ONE Championship အဖွဲ့အစည်းနှင့် လမ်းခွဲပြီးနောက် အခြား MMA အဖွဲ့အစည်းများဖြစ်သည့် LFA နှင့် AIC တို့မှ ကျင်းပသည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်လျက်ရှိသည်။

ထီရယ်လ်ထန်သည် နောက်ဆုံးနိုင်ပွဲအဖြစ် ပြီးခဲ့သည့်သြဂုတ်အတွင်းက အမေရိကန်ဖိုက်တာ ဒါးရီးယက်စ်ဂျက်ဆင်ကို အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။

Most Read

Most Recent