ပရီးမီးယားလိဂ်၌ နိုင်ပွဲအများဆုံးရရှိသည့်ရာသီအဖြစ် အာဆင်နယ်အသင်း စံချိန်တင်ခဲ့ပြီး မန်ယူအသင်းကို ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ကျော့စလုံးအနိုင်ရ

ပရီးမီးယားလိဂ်၌ နိုင်ပွဲအများဆုံးရရှိသည့်ရာသီအဖြစ် အာဆင်နယ်အသင်း စံချိန်တင်ခဲ့ပြီး မန်ယူအသင်းကို ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ကျော့စလုံးအနိုင်ရ
Photo : Getty Images
Photo : Getty Images
Published 13 May 2024

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်ယူ ဝ-၁ အာဆင်နယ်ပွဲတွင် အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်၌ နိုင်ပွဲအများဆုံးရရှိသည့်ရာသီအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီး မန်ယူအသင်းကို ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ကျော့စလုံးအနိုင်ရခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ယခင်က နိုင်ပွဲအများဆုံး (၂၆)ပွဲသာ ရယူနိုင်ခဲ့ပြီး ယခုရာသီတွင် ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလို၌ပင် နိုင်ပွဲ(၂၇)ပွဲ ရယူနိုင်ခဲ့သည့်အတွက် နိုင်ပွဲအများဆုံးရရှိသည့်ရာသီအဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ၂၀၀၃-၀၄ ရာသီက ရှုံးပွဲမရှိရလဒ်ဖြင့် ချန်ပီယံဆုရရှိခဲ့ရာတွင်လည်း နိုင် ပွဲ(၂၆)ပွဲအထိသာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရာသီနှင့် ၂၀၀၁-၀၂ ရာသီတို့တွင် အာဆင်နယ်အသင်းအနေဖြင့် နိုင်ပွဲ (၂၆)ပွဲစီ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ယခုရာသီ၌ ပရီးမီးယားလိဂ်တွင် စံချိန်တင်နိုင်ပွဲရရှိခဲ့သည့်အပြင် အဝေးကွင်း၌ Clean Sheet (၁၁)ပွဲ ရရှိခဲ့ခြင်းမှာလည်း အသင်းအတွက် စံချိန်တစ်ရပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၀၈-၀၉ ရာသီက အဝေးကွင်း Clean Sheet (၁၂)ပွဲရရှိခဲ့သည့် ချယ်လ်ဆီးအသင်း၏နောက်တွင် ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း အဝေးကွင်း Clean Sheet ရလဒ် အများဆုံးရရှိသည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ ယခုရာသီ၌ အာဆင်နယ်အသင်း၏ နောက်ထပ်ထူးခြားသည့် မှတ်တမ်းတစ်ခုမှာ Big Six ပြိုင်ဘက်အသင်းများနှင့် ဆုံတွေ့ခဲ့သည့် (၁၀)ပွဲစလုံး၌ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ ပြီး (၆)ပွဲနိုင်၊ (၄)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် မန်စီးတီး၊ လီဗာပူးလ်၊ စပါးနှင့် ချယ်လ်ဆီးတို့ကို တစ်ပွဲနိုင်၊ တစ်ပွဲသရေကစားခဲ့ပြီး မန်ယူအသင်းကို နှစ်ကျော့စလုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစဉ်အလာပြိုင်ဘက် မန်ယူအသင်းကို ၂၀၀၆-၀၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ကျော့စလုံး အနိုင်ရသည့်ရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

မန်ယူအသင်းမှာမူ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲ(၁၄)ပွဲရှိနေပြီဖြစ်သည့်အတွက် ရှုံးပွဲအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်သလို၊ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ပြိုင်ပွဲစုံ ရှုံးပွဲ (၉)ပွဲ ရှိသွားပြီဖြစ်သောကြောင့် အသင်း၏သမိုင်းတစ်လျှောက် အိမ်ကွင်းရှုံးပွဲအများဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ခေတ်၌ တစ်ရာသီအတွင်း အိမ်ကွင်းရှုံးပွဲ (၉)ပွဲအထိ မရှိခဲ့ဖူးဘဲ ပထမတန်းခေတ်တွင်သာ ၁၉၂၀-၂၁၊ ၁၉၃၀-၃၁၊ ၁၉၃၃-၃၄၊ ၁၉၆၂-၆၃၊ ၁၉၇၃-၇၄ ရာသီများ၌ ပြိုင်ပွဲစုံအိမ်ကွင်း ရှုံးပွဲ (၉)ပွဲအထိ ကြုံတွေ့ခဲ့ဖူးကြောင်း သိရသည်။ မန်ယူအသင်းသည် ယခုရာသီတွင် ပြိုင်ပွဲစုံရှုံးပွဲ (၁၉)ပွဲရှိခဲ့ခြင်းမှာလည်း အသင်း၏သမိုင်းတစ်လျှောက် ရှုံးပွဲအများဆုံးဖြစ်ခဲ့သည့် ၁၉၇၈-၇၉ ရာသီက ရှုံးပွဲအရေအတွက်နှင့် တူညီသွားခဲ့ကြောင်းလည်း သိရသည်။ 

Most Read

Most Recent