လက်စတာအသင်းနည်းပြ အန်ဇိုမာရက်စကာကို ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာ ဖော်ပြ

လက်စတာအသင်းနည်းပြ အန်ဇိုမာရက်စကာကို ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် ချယ်လ်ဆီးအသင်း သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာ ဖော်ပြ
Photo: Sky Sports
Photo: Sky Sports
Published 1 June 2024

 

ချယ်လ်ဆီးအသင်းသည် လက်စတာအသင်းနည်းပြ အန်ဇိုမာရက်စကာကို ငါးနှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှုရရှိပြီ ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်။

ချယ်လ်ဆီးအသင်းသည် ပိုချက်တီနိုနှင့် လမ်းခွဲပြီးနောက် လစ်လပ်နေသည့် နည်းပြနေရာအတွက် အသက် ၄၄ နှစ်အရွယ် အီတလီနိုင်ငံသားနည်းပြ မာရက်စကာကို ခန့်အပ်ရန် သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက မေ ၂၈ ရက် ကတည်းက ရေးသားဖော်ပြထားသည်။ ဖာဘရီဇီယိုရိုမာနို၏ဖော်ပြမှုအရ စာချုပ်သက်တမ်းမှာ ၂၀၂၉ ခုနှစ်အထိ ငါးနှစ်စာချုပ်ဖြစ်ပြီး တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သည့်အချက်လည်း ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ဗြိတိန်သတင်းဌာနများစွာကလည်း ချယ်လ်ဆီးအသင်းအနေဖြင့် မာရက်စကာကို ငါးနှစ်စာချုပ်ဖြင့်ခန့်အပ်ရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း မေ ၃၀ ရက် ညပိုင်းတွင် ဖော်ပြခဲ့ကြသည်။ ချယ်လ်ဆီးအသင်း အားကစားဒါရိုက်တာများဖြစ်သည့် ပေါလ် ဝင်စတန်လေနှင့် လောရန့်စ်စတီးဝပ်သည် လက်စတာအသင်း၏ ခွင့်ပြုချက်ရရှိပြီးနောက် မာရက်စကာနှင့် မျက်နှာချင်းဆိုင်ဆွေးနွေးမှုပြုလုပ်ရန် စပိန်နိုင်ငံတောင်ပိုင်းရှိ မာဘယ်လာမြို့သို့ သွားရောက်ခဲ့ကြသည်။ ရှေ့နေများက စာချုပ်ကို အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ယခုရက်သတ္တပတ်မကုန်မီ ကြေညာချက်ထုတ်ပြန်နိုင်ကြောင်း ခန့်မှန်းထားသည်။

၎င်းနှင့် လက်စတာအသင်း၏စာချုပ် မှာ နှစ်နှစ်ကျန်ရှိနေသောကြောင့် ချယ်လ်ဆီး အသင်းအနေဖြင့် လျော်ကြေး ပေါင်ရှစ်သန်း မှ ပေါင် ၁၀ သန်းဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း သိရသည်။ မာရက်စကာသည် ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် မန်စီးတီး ယူ-၂၃ အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီး ပရီးမီး ယားလိဂ်-၂ ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မေလတွင် စီးရီးဘီကလပ် ပါးမားအသင်းနည်းပြအဖြစ် ခန့်အပ်ခံရသော်လည်း ၁၄ ပွဲသာ ကိုင်တွယ်ခွင့်ရကာ နိုဝင်ဘာတွင် ထုတ်ပယ်ခံခဲ့ရသည်။

၎င်းသည် ၂၀၂၂ ခုနှစ် ဇွန်လတွင် မန် စီးတီးအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာပြီး ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် ဇွန်လတွင် လက်စတာအသင်းက ၎င်းအား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး တစ် ရာသီအကြာမှာပင် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ်စွဲကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Most Read

Most Recent