မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်း တရုတ် ယူ-၂၀ လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ကစားသမား ၂၇ ဦး ခေါ်ဆောင်သွား

မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်း တရုတ် ယူ-၂၀ လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး ကစားသမား ၂၇ ဦး ခေါ်ဆောင်သွား
Photo: MFF
Photo: MFF
Published 27 May 2024

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် တရုတ် ယူ-၂၀ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲများကစားရန် မေ ၂၆ ရက်က တရုတ်နိုင်ငံ၊ ကျန်ဟီးမြို့သို့ ထွက်ခွာသွားခဲ့ပြီး ကစားသမား ၂၇ ဦး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) နှင့် တရုတ်ဘောလုံးအဖွဲ့ချုပ်(CFA) တို့၏ အကြိုညှိုနှိုင်းမှုအရ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းနှင့် တရုတ် ယူ-၂၀ လက်ရွေးစင်အသင်းတို့သည် လာမည့်မေ ၃၀ ရက်နှင့် ဇွန် ၂ ရက်တို့တွင် တရုတ်နိုင်ငံ၊ ကျန်ဟီးမြို့ တွင် ကွင်းပိတ်ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်နေပြီး တရုတ်ခြေစမ်းခရီးစဉ်၌ အုပ်ချုပ်၊ နည်းပြနှင့် ကစားသမား စုစုပေါင်း ၃၂  ဦး လိုက်ပါသွားကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် လာမည့်ဇူလိုင်အတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင်လေ့ကျင့်နေလျက်ရှိသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံသို့သွားရောက်၍ တရုတ် ယူ-၂၀ လက်ရွေးစင်အသင်းနှင့် ခြေစမ်းကစားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့် မတ်လအတွင်းက MNL အသင်းကြီးများဖြစ်သည့် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်အသင်းများနှင့် ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းသည် ရှမ်းယူနိုက်တက်အသင်းကို(၂-၁) ဂိုး၊ ဟံသာဝတီယူနိုက်တက်အသင်းကို(၂-၁) ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို(၁-၂) ဂိုးဖြင့် ရှုံးနိ်မ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းကို MNL၊ MNL-2 ကလပ်အသင်းများမှ အသက်မီသည့်ကစားသမားများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲမှ ခြေစွမ်းရှိသည့် ကစားသမားများတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း နည်းပြဖြစ်သူ ဦးအောင်နိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက အသင်းကို တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်ပြီး ၎င်းလက်ထက်တွင် ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် ယခုတရုတ်နိုင်ငံသို့သွားရောက်ကာ ခြေစမ်းကစားရခြင်းဖြစ်သည်။

မြန်မာယူ-၁၉ လက်ရွေးစင်အသင်း 

နည်းပြချုပ် - ဦးအောင်နိုင်၊ ဂိုး - စောကျော်ခန့်နိုး၊ စောအယ်ဒူးထူး၊ ဟန်မြင့်မြတ်ထွန်း၊ နောက်တန်း - ထွန်းထွန်းသိန်း၊ ဖြိုးပြည့်စုံ၊ အောင်မြင့်၊ ခန့်ဇင်ဟိန်း၊ ဆမ်မြူရယ်ဂိုင်ကီး၊ ခွန်ချိုထူး၊ လွှမ်းထက်ထွန်း၊ အလယ်တန်း - စောလင်းထက်ပိုင်၊ ၀ိုင်းလု၊ ဇော်မျိုးထွန်း၊ ကောင်းခန့်ကျော်၊ သိန်းဇော်သီဟ၊ မင်းမော်ဦး၊ နိုင်အောင်စန်း၊ ဝင်းကိုဌေး၊ ရှေ့တန်း - စွမ်းထက်၊ ဝင်းပြည့်မောင်၊ ဇွဲမာန်သာ၊ နိုင်ဝင်းထွန်း၊ စောစေးကဖောစေး၊ မန်းတော့ပ်၊ ထွန်းနိုင်စိုး၊ ရှိုင်းဝဏ္ဏအောင်၊ စိုင်းဇေယျာကျော်

 

Most Read

Most Recent