ဟေတီရဲအရာရှိအဖြစ်မှ လူဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့သူ

ဟေတီရဲအရာရှိအဖြစ်မှ လူဆိုးဂိုဏ်းခေါင်းဆောင် ဖြစ်လာခဲ့သူ
Photo-AP
Photo-AP
Published 10 March 2024

ဟေတီနိုင်ငံနိုင်ငံ၏ ဂျင်မီချာ ရီဇီယာ က သူ့ကိုယ်သူ တော်လှန်ရေးသမား တစ်ဦးအဖြစ်ပုံဖော်ပြီး ကြုံတောင့်ကြုံခဲအဖြစ် သူကိုင်နေကျရိုင်ဖယ် နှင့် ကျည်ကဒ်များမပါဘဲ ဓာတ်ပုံအရိုက်ခံခဲ့သည်။

ဟေတီနိုင်ငံကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေခဲ့သည့် အင်အားကြီးမားသည့် လူဆိုးဂိုဏ်းများထဲမှ တစ်ခုကို ဦးဆောင်နေသည့် ရဲအရာရှိဟောင်းဖြစ်သူ ချာရီဇီယာက သူသည် ဒုက္ခပင်လယ်ဝေနေသည့် ဟေတီနိုင်ငံ၏ အခွင့်ထူးခံလူတန်းစားများကို ဖယ်ရှားလိုကြောင်း ပြောကြားခဲ့သည်။

theG9 family ဟု အမည်ပေးထားသည့် လူဆိုးဂိုဏ်းမဟာမိတ်အဖွဲ့ကို ဦးဆောင်နေသည့် အသက် ၄၆ နှစ်အရွယ် ချာရီဇီယာသည် လက်ရှိတွင် နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပွားစေခဲ့သည့် ဟေတီနိုင်ငံ၏ အကြမ်းဖက် တိုက်ခိုက်မှုများတွင် လူသိများထင် ရှားလာခဲ့သူဖြစ်သည်။

သူသည်  “အသားကင်ဖို”(Barbecue) ဟူသည့်အမည်ဖြင့်လည်း လူသိများသူဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဟေတီတွင် လက်နက်ကိုင်အုပ်စုများက အစိုးရကို ဆန့်ကျင်သည့်အနေဖြင့်   ပူးပေါင်းတပ်ဖွဲ့ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး လေဆိပ်၊ ရဲသင်တန်းကျောင်းနှင့် အကျဉ်းထောင်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အကျဉ်းသားထောင်ချီ လွတ်မြောက်သွားခဲ့သည်။

“ချမ်းသာတဲ့ လူနည်းစုက အလုပ်သမားလူတန်းစားရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေတာ ယုတ္တိ မရှိပါဘူး”ဟု ချာရီဇီယာက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အားလုံး စည်းလုံးရပါမယ်။ ဟေတီဟာ ကျွန်တော်တို့အတွက် သုခဘုံ ဒါမှမဟုတ် ငရဲ ဘုံ တစ်ခုခုဖြစ်လာပါလိမ့်မယ်”ဟု ၎င်းက ပြောကြားခဲ့ပြီး ဝန်ကြီးချုပ် အေရီယယ်ဟင်နရီအနေဖြင့် ရာထူးမှ မနုတ်ထွက်ပါက ပြည်တွင်းစစ်ဖြစ်လိမ့်မည်ဟု သတိပေးခဲ့သည်။

ယခုအကြိမ်သည် ချာရီဇီယာ၏ ပထမဆုံးအကြိမ်အကြိမ် ခြိမ်းခြောက်ခြင်းတော့မဟုတ်ပေ။

၂၀၂၂ ခုနှစ်ကလည်း သူသည် ဟေတီ၏ လောင်စာသိုလှောင်ရုံကို သီတင်းပတ်များစွာကြာ ပိတ်ဆို့ခဲ့သဖြင့် နိုင်ငံအတွင်း လောင်စာဆီ များ ဖြန့်ချိမှု ရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် နိုင်ငံပေါင်းစုံပါဝင်သည့် တပ်ဖွဲ့ဖွဲ့စည်းကာ ဟေတီ၏ ရဲတပ်ဖွဲ့ကို တရားဥပဒေစိုးမိုးရေး ပြန်လည်ထိန်းသိမ်းရန် တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့သည်။

တရားရေးဆိုင်ရာ ငြင်းခံမှုများကြောင်း ကာလကြာရှည်စောင့်ဆိုင်းနေရသည့် နိုင်ငံပေါင်းစုံတပ်ဖွဲ့သည် ဟေတီတွင် ဖြန့်ကြက်ချထားရခြင်း မရှိသေးပေ။

၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုလသမဂ္ဂက ဟေတီလက်နက်ကိုင်အုပ်စုများကို ခရီးသွားလာခွင့်ပိတ်ပင်မှု၊ ပိုင်ဆိုင်မှုများ ထိန်းချုပ်မှုနှင့် လက်နက်ရောင်းဝယ်မှု တို့အပါအဝင် ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး ထိုပိတ်ဆို့မှုစာရင်းတွင် ချာရီဇီယာလည်း ပါဝင်ခဲ့သည်။

ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရသည့် တိုင်သူသည် ဟေတီနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်များတွင် ဆက်လက်ပါဝင် ပတ်သက်ခဲ့သည်။

ဟေတီနိုင်ငံ၏ ပို့အူပရင့်စ်မြို့တော်အပါအဝင် နိုင်ငံတစ်ဝန်းတွင် လူဆိုးဂိုဏ်းများသည် ရာဇဝတ်မှုများ မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ချာရီဇီယာဦးဆောင်သည့် လူဆိုးဂိုဏ်းမဟာမိတ်အဖွဲ့တွင် အင်အား ၁၀၀၀ ကျော်ပါဝင်ပြီး အဖွဲ့ဝင် အများစုမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းများ ၊ လုံခြုံရေး အစောင့်ဟောင်းများနှင့် လမ်းပေါ်တွင်ကြီးပြင်းလာသည့် ကလေးများဖြစ်ပြီး ၎င်းတို့သည် လူသတ်မှု၊ ဓားပြတိုက်မှု၊ ခြိမ်းခြောက်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ််မှု၊ မူးယစ်ဆေးဝါးမှောင် ခိုကူးမှုနှင့် ပြန်ပေးဆွဲမှုများကို ကျုးလွန်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ချာရီဇီယာသည် ၂၀၁၈ ခုနှစ်က  ဆာလိုင်းမြို့ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် အစုလိုက်အပြု လိုက်သတ်ဖြတ်မှု၌ ပါဝင်ပတ်သက်ခဲ့ကြောင်း ကုလသမဂ္ဂ၏ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ချာရီဇီယာသည် ထိုအချိန်က ဟေတီရဲအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဆာလိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး ပါဝင်ပတ်သက်ခဲ့ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန က ၎င်းအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ပြောကြားခဲ့သည်။ ထိုဖြစ်စဉ်တွင် ရက်ပိုင်းအတွင်း လူပေါင်း ၇၀ ကျော် သတ်ဖြတ်ခံခဲ့ရသည်။ Ref:AFP

Most Read

Most Recent