တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စစ်ရေးအရတုံ့ပြန်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စစ်ရေးအရတုံ့ပြန်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
မတ် ၄ ရက်က တောင်ကိုရီးယားနိုင်ငံ ဖြောင်ထယ်မြို့ရှိ ကမ့်ပ်ဟမ့်ဖရီးစ် စစ်စခန်းမှ အမေရိကန်စစ်တပ်၏ အပါချီရဟတ်ယာဉ်များ ပျံတက်နေစဉ်(Photo: AFP)
မတ် ၄ ရက်က တောင်ကိုရီးယားနိုင်ငံ ဖြောင်ထယ်မြို့ရှိ ကမ့်ပ်ဟမ့်ဖရီးစ် စစ်စခန်းမှ အမေရိကန်စစ်တပ်၏ အပါချီရဟတ်ယာဉ်များ ပျံတက်နေစဉ်(Photo: AFP)
Published 5 March 2024

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော်ရန် ပူးပေါင်းကြံစည်မှုဖြစ်ကြောင်း မြောက်ကိုရီးယားက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ပြီး စစ်ရေးအရတုံ့ပြန်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်က ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ ဖန်တီးထားသည့် ကွပ်ကဲထိန်းချုပ်ရေးဆိုင်ရာ လေ့ကျင့်ခန်းများနှင့် စစ်မြေပြင်လေ့ကျင့်ခန်းမျိုးစုံပါဝင်မည့် ၁၁ ရက်ကြာ Freedom Shield စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပြီးနောက် မြောက်ကိုရီးယား၏သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်မြေပြင်လေ့ကျင့်ခန်းအစီအစဉ် ၄၈ ခု ပါဝင်မည်ဖြစ်ကာ ပါဝင်သည့် တပ်ဖွဲ့ဝင်အရေအတွက်သည် ယမန်နှစ်ထက်နှစ်ဆပိုများသည်ဟု တာဝန်ရှိသူများက ဆိုသည်။

မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက်အန္တရာယ် မြင့်တက်လာမှုကို ပိုမိုထိရောက်စွာတုံ့ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် မဟာမိတ်နှစ်နိုင်ငံသည် ငါးရက်ကြာပြုလုပ်မည့် နှစ်စဉ်ပြုလုပ်မြဲတပ်ရင်းအဆင့် Ssangmae စစ်ရေးလေ့ကျင့်မှုများကိုစတင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၄ ရက်တွင် ပြောကြားသည်။

အမေရိကန်နှင့် တောင်ကိုရီးယား၏အဆင်ခြင်မဲ့သောစစ်ရေးလေ့ကျင့်မှုများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ ပိုမိုဗြောင်ကျကျ ခြိမ်းခြောက်နေပြီး ယင်းအားကျူးကျော်ရန် ကြိုး ပမ်းမှုဖြစ်ကြောင်း မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို နိုင်ငံပိုင်မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် ရန်သူ၏ စွန့်စားလိုသော လုပ်ရပ်များကို ဆက်လက်စောင့်ကြည့်ကာ ကိုရီးယားကျွန်းဆွယ်၏ မတည်ငြိမ်သော လုံခြုံရေးဝန်းကျင်ကို ခိုင်ခိုင်မာမာထိန်းချုပ်ရန် တာဝန်ရှိသော စစ် ရေးလှုပ်ရှားမှုများလုပ်ဆောင်မည်ဟု မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ အမည်မဖော်လိုသည့် ပြောခွင့်ရတစ်ဦးက ပြောကြားသည်။

မြောက်ကိုရီးယားဘက်ကမည်သို့သော အစီအမံများလုပ်ဆောင်မည်ကို ၎င်းပြောခွင့်ရက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လက်နက်စမ်းသပ်မှုများ သို့မဟုတ် ၎င်းတို့၏ တိုက်ပွဲဝင်နိုင်စွမ်းကို မြှင့်တင်နိုင်မည့် အခြား အစီအမံများလုပ်ဆောင်ဖွယ်ရှိကြောင်း အကဲခတ်များက ဆိုသည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနကမူ အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပုံမှန်ပြုလုပ်နေကျ ကာကွယ်ရေးဆိုင်ရာလေ့ကျင့်မှုတစ်မျိုးဖြစ်သည်ဟု မတ်လ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားက မိမိတို့စစ်ရေးလေ့ကျင့်နေစဉ်အတွင်း တိုက်ရိုက်ရန်စမှုများလုပ်ဆောင်မည်ဆိုလျှင် တောင်ကိုရီးယားဘက်က ပြတ်ပြတ်သားသားတုံ့ပြန်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Freedom Shield စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် နှစ်ဖက်တပ်ဖွဲ့ဝင် အရေအတွက်သည် ယမန်နှစ်ထက် နှစ်ဆပိုများပြီး လေကြောင်းထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင်လက်တွေ့ပူးတွဲ လေ့ကျင့်မှုအစီအစဉ် ၄၈ ခု ပါဝင်ကြောင်း တောင်ကိုရီးယားစစ်တပ်၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားသည်။

ယင်းစစ်ရေးလေ့ကျင့်မှုများသည် ခရုစ်ဒုံးကျည်များကို ရှာဖွေထောက်လှမ်းကာတိုက်ခိုက်ချေမှုန်းခြင်း အပါအဝင် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများကို တန်ပြန်ချေဖျက်ရန် အဓိကရည်ရွယ်ကြောင်း JCS ပြောခွင့်ရ ဗိုလ်မှူးကြီး လီဆောင်ဂျွန်က ပြောကြားခဲ့သည်။                           

Ref: AP

Most Read

Most Recent