ရှာဘတ်ရှရစ်ဖ် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခံရ

ရှာဘတ်ရှရစ်ဖ် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်တင်မြှောက်ခံရ
ပါကစ္စတန်၏ ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် ရှာဘတ်ရှရစ်ဖ်ကို ဖေဖော်ဝါရီ ၁၃ ရက်က လာဟိုးမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AFP)
ပါကစ္စတန်၏ ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် ရှာဘတ်ရှရစ်ဖ်ကို ဖေဖော်ဝါရီ ၁၃ ရက်က လာဟိုးမြို့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ တွေ့ရစဉ်(Photo: AFP)
Published 4 March 2024

မတ်လ ၃ ရက်က ရှာဘတ်ရှရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ရွေးကောက်တင်မြှောက် ခံရသည့်အတွက် ၎င်းသည် ယိုင်နဲ့နဲ့ညွန့်ပေါင်းအစိုးရကို ဦးဆောင်မည်ဖြစ်သည်။

လောလောလတ်လတ် ကျမ်းသစ္စာကျိန်ဆိုထားသည့် ပါကစ္စတန်အမျိုးသားလွှတ်တော် အမတ်များက ရှာဘတ်ရှရစ်ဖ်ကို ထောက်ခံမဲ ၂၀၁ မဲဖြင့် ရွေးကောက်တင် မြှောက်ခဲ့သည်။ ရွေးကောက်ပွဲ မသမာမှုစွပ် စွဲချက်များ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲအပြီး သီတင်းပတ် သုံးပတ်အကြာတွင် ပါကစ္စတန်၏ ဝန်ကြီးချုပ်အသစ်ကို ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။

“ရှာဘတ်ရှရစ်ဖ်ကို ပါကစ္စတန် အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ကြောင်း ကြေညာပါတယ်”ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ်ဆာဒါးအာယက်ဇ်ဆာဒစ်က ပြောကြားခဲ့သည်။

ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းအား သစ္စာခံသည့်လွှတ်တော်အမတ်များ၏ ကန့်ကွက်မှုများရှိနေသော်လည်း ပါကစ္စတန်၏ လွှတ်တော်အသစ်သည် မတ်လ ၁ ရက်က  လွှတ်တော်ဥက္ကဋ္ဌသစ်ကို တင်မြှောက်ခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီ (PML-N)မှ ဆာဒါး အာယက်ဇ်ဆာဒစ်ကို ၎င်းင်း၏ ပါတီမှ လွှတ်တော်အမတ်များနှင့် မဟာမိတ် ပါတီများမှ အမတ်အနည်းငယ်က လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲကျင်းပပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမတ်ဦးရေ ၃၃၆ ဦးရှိ ပါကစ္စတန် အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ကျင်းပခဲ့သည်။ ညွန့်ပေါင်းပါတီများသည် PML-N ပါတီမှ ရှာဘတ်ရှရစ်ဖ်ကို မတ်လ ၃ ရက်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။

ရှရစ်ဖ်မိသားစု၏ PML-N ပါတီသည် အတိတ်က ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သည့် ပါကစ္စတန် ပြည်သူ့ပါတီ (PPP) နှင့် အခြားပါတီငယ်များနှင့် မဟာမိတ်ဖွဲ့ကာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ထောက်ခံသည့်ကိုယ် စားလှယ်လောင်းများကို ချန်လှပ်ခဲ့သည်။

အပြန်အလှန်အနေဖြင့် လုပ်ကြံခံရသည့် ဝန်ကြီးချုပ်ဟောင်း ဘန်နာဇီယာဘူတို၏ မိသားစုက အစဉ်အဆက် ဦးဆောင်နေသည့် PPP ပါတီမှ ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်း၏ ခင်ပွန်းဖြစ်သူ အဆစ်ဖ်အလီဇာဒါ ရီကို သမ္မတအဖြစ်တင်မြှောက်မည်ဟု ကတိပြုထားသည်။

PML-N ပါတီသည် ခန်းကိုထောက်ခံသည့် ကိုယ်စားလှယ်လောင်းများထက်နောက် ကောက်ကျနေခဲ့သော်လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အမျိုးသမီးများအတွက် သီးသန့်ဖယ်ထားသည့် အမတ်နေရာ ၆၀ အနက် နေရာ ၂၀၊ လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် အမတ်နေရာ ၁၀ နေရာအနက် ၄ နေရာ၊ စုစုပေါင်း ၂၄ နေရာ ထပ်မံရရှိပြီးနောက် ရွေးကောက်ပွဲတွင် တစ်ပါတီတည်းမှ အမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ်လာခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်၏ အကြီးဆုံးသမီးဖြစ်သူ မာရီယမ်နာဝပ်ဇ်သည်လည်း ဖေဖော် ၀ါရီ ၂၆ ရက်က ပါကစ္စတန်အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်၏ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

လူကြိုက်များသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် အီမရန်ခန်းသည် ရွေးကောက်ပွဲမတိုင်မီတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရသည်။                      

Ref: AFP