တရုတ်မှတင်သွင်းသည့် သံမဏိနှင့်အလူမီနီယမ်တို့အပေါ် စည်းကြပ်ခွန်သုံးဆတိုးမြှင့်ရန် သမ္မတဘိုင်ဒင် တိုက်တွန်း

တရုတ်မှတင်သွင်းသည့် သံမဏိနှင့်အလူမီနီယမ်တို့အပေါ် စည်းကြပ်ခွန်သုံးဆတိုးမြှင့်ရန် သမ္မတဘိုင်ဒင် တိုက်တွန်း
Photo - AFP
Photo - AFP
Published 18 April 2024

မမျှတသည့် စျေးကွက်ပြိုင်ဆိုင်မှုကြောင့်ဟုဆိုကာ တရုတ်မှတင်သွင်းသည့် သံမဏိနှင့်အလူမီနီယမ်တို့အပေါ် စည်းကြပ်ခွန်သုံးဆတိုးမြှင့်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၁၇ ရက်တွင် တိုက်တွန်းလိုက်သည်။

ဘိုင်ဒင်သည် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲတွင် ကာယလုပ်သားများ၏ ဆန္ဒမဲများကိုရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မကြာသေးမီက အမေရိကန်၏ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းငါးခု၏ အသနားခံစာတင်သွင်းမှုကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် သင်္ဘောတည်ဆောက်မှု၊ ပင်လယ်ရေကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍများတွင် တရုတ်၏ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပေါ် စတင်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က အတိအလင်း ကြေညာခဲ့ပြီးနောက်တွင် ဘိုင်ဒင်၏ တိုက်တွန်းချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် မည်သည့်ပါတီအား မဲပေးမည်ကို ကွဲကွဲပြားပြားမသိရသည့် အလွန်အရေးပါသော ပန်ဆယ်ဗေးနီးယားပြည်နယ်သို့ သုံးရက်ကြာမဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် ခရီးစဉ်ဒုတိယနေ့ဖြစ်သည့် ဧပြီ ၁၇ ရက်က ဘိုင်ဒင်သည် ပစ်စ်ဘာ့ဂ်မြို့တွင် သံမဏိလုပ်သားများကို မိန့်ခွန်းပြောကြားခဲ့သည်။

ဘိုင်ဒင်သာမက ၎င်း၏ပြိုင်ဘက်သမ္မတလောင်း ဒေါ်နယ်ထရန့်ကလည်း အရေးပါသောမဲဆန္ဒရှင်များဖြစ်သည့် ကာယလုပ်သားများကို အပြိုင်အဆိုင်မဲဆွယ်နေပြီး အမေရိကန်၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို အားသစ်ပြန်လောင်းမည်ဟု ကတိပြုထားသည်။

"တရုတ်ပြည်တွင်းထုတ် သံမဏိနဲ့အလူမီနီယမ် လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ မူဝါဒတွေနဲ့ အထောက်အပံ့တွေကြောင့် အရည်အသွေးမြင့် အမေရိကန်ထုတ်ကုန်တွေဟာ တမင်တကာ စျေးလျှော့ထားတဲ့ တရုတ်ထုတ်ကုန်တွေရဲ့ စျေးပြိုင်လျှော့ရောင်းခြင်းကို ခံနေရတယ်" ဟု အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ သံမဏိထုတ်လုပ်မှု၏ ထက်ဝက်နီးပါးသည် တရုတ်မှဖြစ်ပြီး ယင်းသံမဏိများကို အမေရိကန်ထုတ် သံမဏိများထက် သိသိသာသာ စျေးနှုန်းသက်သာသည့်နှုန်းထားဖြင့် တင်ပို့ရောင်းချနေသည်ဟု အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် သမ္မတဟောင်း ဒေါ်နယ်ထရန့် အစိုးရလက်ထက်တွင် တရုတ်အား ချမှတ်ခဲ့သည့် စည်းကြပ်ခွန်များကို ပြန်လည်သုံးသပ်နေစဉ် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ အရ လက်ရှိစည်းကြပ်ခွန်နှုန်းထားကို သုံးဆတိုးမြှင့်ရန် ဘိုင်ဒင်က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ယင်းဥပဒေပုဒ်မအရ သံမဏိနှင့်အလူမီနီယမ် သွင်းကုန်များအပေါ် ပျမ်းမျှအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံသည်။

သမ္မတဟောင်း ထရန့်အစိုးရလက်ထက်တွင် တရုတ်နှင့်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားစဉ်က စည်းကြပ်ခွန်များချမှတ်ရာတွင် ယင်းဥပဒေပုဒ်မကို အဓိကလက်ကိုင်ပြု ကျင့်သုံးခဲ့သည်။

တရုတ်က စည်းကြပ်ခွန်ရှောင်တိမ်းနိုင်ခြင်းမရှိအောင် တားဆီးရန်အတွက် မက္ကဆီကိုနှင့်  ချိတ်ဆက်ဆောင်ရွက်ရန် သမ္မတဘိုင်ဒင်က ညွှန်ကြားထားသည်ဟု အိမ်ဖြူတော်က ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ Ref: AFP

Most Read

Most Recent