ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ဥပဒေသစ်ကြောင့် ဝန်ထမ်းများ၏လုံခြုံရေးအတွက် RFA သတင်းဌာနက ဟောင်ကောင်ရုံးခွဲကို ပိတ်ခဲ့

ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ဥပဒေသစ်ကြောင့် ဝန်ထမ်းများ၏လုံခြုံရေးအတွက် RFA သတင်းဌာနက ဟောင်ကောင်ရုံးခွဲကို ပိတ်ခဲ့
မတ် ၂၃ ရက်က လန်ဒန်တွင် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ဆန့်ကျင်သူများက ချီတက်ဆန္ဒပြနေစဉ် (Photo: AFP)
မတ် ၂၃ ရက်က လန်ဒန်တွင် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ဆန့်ကျင်သူများက ချီတက်ဆန္ဒပြနေစဉ် (Photo: AFP)
Published 30 March 2024

ဟောင်ကောင်တွင် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီးနောက် အမေရိကန်၏ RFA သတင်းဌာနသည် ၎င်း၏ ဝန်ထမ်းများ၏လုံခြုံရေးကို စိုးရိမ်မှုကြောင့် ဟောင်ကောင်ရုံးခွဲကို ပိတ်ခဲ့ကြောင်း မတ် ၂၉ ရက်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဟောင်ကောင်တွင် Article 2 3 ဟု လူသိများသည့် အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ထိုဥပဒေသည် နိုင်ငံတော်သစ္စာဖောက်မှု၊ သူလျှိုလုပ်မှုနှင့် ပြည်ပ၏ဝင်ရောက်စွက်ဖက်မှုကဲ့သို့ ပြစ်မှုများကို ပြင်းထန်သည့် ပြစ်ဒဏ်များချမှတ်နိုင်သည့် ဖော်ပြချက်များပါဝင်ခဲ့သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာဝေဖန်ခဲ့သည့် ထိုဥပဒေသည် ၂၀၂၀ ပြည့်နှစ်က တရုတ်အစိုးရကပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေနှင့် လိုက်လျောညီထွေရှိလိမ့်မည်ဖြစ်ပြီး တရုတ်၏ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်ရှိ အတိုက်အခံအားလုံးနီးပါးကို အသံတိတ်စေခဲ့ပြီး လူပေါင်း ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။

RFA ဥက္ကဋ္ဌဖြစ်ပြီး စီအီးအိုလည်းဖြစ်သည့် ဘေးဖန်းကမူ ၎င်းတို့ကုမ္ပဏီသည် သတင်းထောက်များနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို ထောက်ရှုပြီး ဟောင်ကောင်တွင် အချိန်ပြည့်ဝန်ထမ်းများမထားတော့ဘဲ ရုံးခန်း ကိုလည်း ပိတ်ခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

RFA သတင်းဌာနကို ပြည်ပအင်အားစုအဖြစ် ရည်ညွှန်းပြောဆိုခဲ့မှုအပါအဝင် ဟောင်ကောင်အာဏာပိုင်များ၏ လုပ်ရပ်များသည် Article 2 3 ပြဋ္ဌာန်းမှုနှင့်အတူ မိမိတို့၏ လုပ်နိုင်စွမ်းများနှင့် လုံခြုံရေးအတွက် စိုးရိမ်ရသည့် မေးခွန်းများ မြင့်တက်စေခဲ့သည်ဟု ဖန်းက ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ဟောင်ကောင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သော်လည်း အမျိုးသားလုံခြုံရေးဥပဒေနှင့်ပတ်သက်သည့် သားပုပ်လေလွင့်စွပ်စွဲချက်များကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်၏ လုံခြုံရေးအကြီးအကဲ ခရစ်တန်ကလည်း RFA သည် Article 2 3 ကိုသားပုပ်လေလွင့်စွပ်စွဲခဲ့ကြောင်း ပြီးခဲ့သည့်လက ပြင်းထန်စွာဝေဖန်ခဲ့သည်။

RFA သည် အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်ခဲ့ခြင်းရှိမရှိ မေးမြန်းခံရချိန်တွင် တန်က ၎င်းအနေဖြင့် ပြည်ပအင်အားစုများ၏ မှားယွင်းသည့် သတင်းများဖြန့်နေခြင်းကို ပြည်သူလူထုအား သိရှိစေလိုကြောင်း ဖြေကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ကမူ ထိုဥပဒေသည် ဟောင်ကောင်၏ လွတ်လပ်ခွင့်များကို နောက်ထပ် လျှော့ချမှုဖြစ်သည်ဟု သတိပေးခဲ့ပြီး ဟောင်ကောင်လွှတ်တော်ကမူ ထိုဥပဒေကို မတ် ၁၉ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတပ်ခ်ကမူ ထိုဥပဒေအား အလျင်အမြန်ပြဋ္ဌာန်းမှုကို ရှုတ်ချခဲ့ပြီး ထိုလုပ်ဆောင်ချက်သည် လူ့အခွင့်အရေးကို ကာကွယ်မှုအတွက် ခေတ်နောက်ပြန်ဆွဲသည့် အစီအစဉ်တစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုဥပဒေသစ်တွင် နိုင်ငံတော်သစ္စာဖောက်မှုအတွက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သူလျှိုလုပ်မှုအတွက် ထောင်ဒဏ် အနှစ် ၂၀၊ နိုင်ငံတော်လျှို့ဝှက်ချက်များနှင့် အစိုးရဆန့်ကျင်မှုနှင့်ဆက်နွှယ်သည့် ပြစ်မှုများအတွက် ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုများ ပါဝင်သည်။                                              

Ref: AFP

Most Read

Most Recent