ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု တရုတ် ပြောကြား

ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဟု တရုတ် ပြောကြား
ဧပြီ ၉ ရက်က ပေကျင်းမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ(ယာ)နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: AFP)
ဧပြီ ၉ ရက်က ပေကျင်းမြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ(ယာ)နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: AFP)
Published 9 April 2024

တရုတ်အနေဖြင့် ရုရှားနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းအောင် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံသည် မှန်ကန်၍ တရားမျှတသည့်ဘက်တွင် ရပ်တည်ရမည်ဖြစ်ကြောင်း ဧပြီ ၉ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်တို့သည် သံတမန်ဆက်ဆံရေး ပိုမိုနက်နက်ရှိုင်းရှိုင်းရှိစေရန် ကြိုးပမ်းနေစဉ် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် ဧပြီ ၈ ရက်က တရုတ်သို့ ရောက်ရှိခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့်ရုရှားတို့သည် သံခင်းတမန်ခင်း ဆက်ဆံမှုများကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်လာခဲ့ပြီး ၎င်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုလျင်မြန်စွာတိုးတက်လာခြင်းကို အသုံးချ၍ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံ များကို အင်အားချိန်ခွင်လျှာတန်ပြန်ချိန်ညှိ ရန် ကြိုးပမ်းနေသည်။

လက်ဗ်ရော့သည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက တရုတ်သမ္မတ ရှီကျင်းပင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ကြေညာခဲ့သည်။

ဆွေးနွေးမှုများမပြုလုပ်မီပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၏ခမ်းနားထည်ဝါသော အခန်းတစ်ခန်းထဲရှိ အရောင်တောက်နေသည့် စားပွဲတစ်လုံး၏ ဘေးပတ်လည်၌ ထိုင်ခုံများချထားသည့် ဗီဒီယိုမှတ်တမ်းကို နိုင်ငံ ပိုင် CCTV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။

ဧပြီ ၉ ရက် အစောပိုင်းက နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံစဉ် ဝမ်ယိက တရုတ်အနေဖြင့် သမ္မတဗလာဒီမာပူတင်၏ ဦးဆောင်မှုအောက်တွင် ရုရှားနိုင်ငံ၏တည်ငြိမ်သော တိုးတက်ဖွံ့ဖြိုးမှုများကို ပံ့ပိုးသွားမည်ဟု ကတိပြုခဲ့သည်။

“တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ကမ္ဘာ့ဇာတ်ခုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာအားကောင်းအောင်နဲ့ခိုင်မာတဲ့ အပြန်အလှန်ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်”ဟု ဝမ်က ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်သည့် RIA Novosti က ဖော်ပြခဲ့သည်။

“သမ္မတပူတင်ရဲ့ ခိုင်ခိုင်မာမာဦးဆောင်မှုအောက်မှာ ရုရှားပြည်သူတွေဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်လာမှာဖြစ်တယ်” ဟုလည်း ဝမ်က ပြောကြားခဲ့သည်။

အပြန်အလှန်အနေဖြင့် လက်ဗ်ရော့ကလည်း ရုရှားသမ္မတရွေးကောက်ပွဲတွင် သမ္မတပူတင် ထပ်မံအနိုင်ရပြီးနောက်တရုတ်၏ ထောက်ခံအားပေးမှုများအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“အနိုင်ရခဲ့တဲ့ ရွေးကောက်ခံသမ္မတ ပူတင်ကို အဦးဆုံးဂုဏ်ပြုသဝဏ်လွှာပေးပို့သူတွေထဲမှာ သမ္မတရှီကျင်းပင် ပါဝင်ပါတယ်။ မိတ်ဆွေတရုတ်နိုင်ငံရဲ့ အားပေးဝန်းရံမှုအတွက် မိမိတို့အနေနဲ့ ကျေးဇူးတင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ဗ်ရော့သည် တရုတ်သမ္မတရှီကျင်းပင်၏ အထင်ကရ အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ယမန်နှစ် အောက်တိုဘာလက ပေကျင်းသို့ နောက်ဆုံးအကြိမ်လာ ရောက်ခဲ့သည်။

ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားသည် နိုင်ငံတကာတွင် ပိုမိုအထီးကျန်လာသည့်အတွက် တရုတ်သည် ရုရှားနှင့်ဆက်ဆံရာတွင် အသာစီးရထားပြီး ရုရှားအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုသည်လည်း ပိုမိုအား ကောင်းလာသည်ဟု လေ့လာသုံးသပ်သူများက ပြောဆိုလျက်ရှိသည်။

Ref: AFP

Most Read

Most Recent