အီသီယိုပီးယားနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် လူပေါင်း ၅၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်းတွင် တိုက်ပွဲများကြောင့် လူပေါင်း ၅၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ဆူဒန်နိုင်ငံတွင် အီသီယိုပီးယား ဒုက္ခသည်များကို တွေ့ရစဉ်(Photo:UNHCR)
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ဆူဒန်နိုင်ငံတွင် အီသီယိုပီးယား ဒုက္ခသည်များကို တွေ့ရစဉ်(Photo:UNHCR)
Published 24 April 2024

အီသီယိုပီးယားနိုင်ငံ မြောက်ပိုင်းရှိ အငြင်းပွားဖွယ်နေရာဒေသတစ်ခုတွင် တိုက်ပွဲများကြောင့် လူပေါင်း ၅၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

“ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ အသက်ရှင်သန်နိုင်ဖို့အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေမှုနဲ့အတူ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေက အရမ်းဆိုးရွားနေပါတယ်”ဟု ကုလ သမဂ္ဂက ဧပြီ ၂၂ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အီသီယိုပီးယား၏ မြောက်ပိုင်းတွင် တီဂရေးဒေသနှင့် အမ်ဟာရာဒေသတို့က နယ်မြေပိုင်ဆိုင်မှု အငြင်းပွားပြီး ပဋိပက္ခများဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။

အလာမာတာ၊ ရာယာအလာမာတာ၊ ဇာတာနှင့် အော့ဖ်လာမြို့များတွင် လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်ကတည်းက အိမ်ပစ်ရာပစ် စွန့်ခွာထွက်ပြေးရသူ ၅၀၀၀၀ ကျော်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

အမ်ဟာရာ တပ်ဖွဲ့များသည် တီဂရေး ဒေသန္တရ အာဏာပိုင်များနှင့် ဗဟိုအစိုးရအကြား နှစ်နှစ်ကြာ စစ်ပွဲဖြစ်ပွားချိန်အတွင်း တီဂရေးတောင်ပိုင်း ရာယာအလာမာတာမြို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် အဘီ အာမက်နှင့် တီဂရေး အာဏာပိုင်များအကြား ငြိမ်းချမ်းရေးသဘောတူညီချက်အရ စစ်ပွဲအတွင်း ဗဟိုအစိုးရဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သည့် အမ်ဟာရာ တပ်ဖွဲ့များသည် ရာယာ အလာမာတာမြို့မှ ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်သည်။

ယခုဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင် မည်သည့် တိုက်ခိုက်ရေးသမားများ ပါဝင်နေသည်ဆိုခြင်းကို ဗဟိုအစိုးရနှင့် တီဂရေး အာဏာပိုင်များက မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

အီသီယိုပီးယားမြောက်ပိုင်းသို့ မီဒီယာများ ဝင်ရောက်ခွင့်ကိုလည်း တင်းကျပ်စွာ ကန့်သတ်ထားသဖြင့် မြေပြင်အခြေအနေကို သီးခြား အတည်ပြုနိုင်ရန် မဖြစ်နိုင်ပေ။

တိုက်ပွဲများဖြစ်ပွားနေသည့် သတင်းများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်စေခဲ့ပြီး အမေရိကန်၊ ဂျပန်၊ ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့မှ သံရုံများက တင်းမာမှုများကို လျှော့ချရန်နှင့် အရပ်သားများကို ကာကွယ်ရန် ဆွေးနွေးညှိနှိုင်းမှု များပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အမ်ဟာရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကမူ တီဂရေးဒေသကို ထိန်းချုပ်ထားသည့် တီဂရေး ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (TPLF) ပါတီသည် ရာယာအလာမာတာမြို့နှင့် အခြားဒေသများကို ကျူးကျော်ဝင်ရောက် လာခဲ့ခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က စွပ်စွဲခဲ့သည်။

TPLF နှင့် ၎င်းတို့အား ထောက်ခံသူများအနေဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အပြည့်အဝ လိုက်နာရန်နှင့် လက်ရှိ ထိန်းချုပ်ထားသည့် နေရာများမှ အမြန်ဆုံးထွက်ခွာရန် အမ်ဟာရာ ဒေသအာဏာပိုင် အဖွဲ့က တောင်းဆိုကြောင်း အမ်ဟာရာ အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည်။

ထိုတောင်းဆိုမှုကို လိုက်နာခြင်းမရှိပါက အမ်ဟာရာ အာဏာပိုင်များသည် မိမိတို့ ပြည်သူများအား တိုက်ခိုက်ခံရမည့်အရေးနှင့် နိုင်ငံပျက်စီးမည့်အရေးမှ ကာကွယ်ရန် အင်အားသုံး ဖြေရှင်းမည်ဖြစ်ကြောင်းလည်း ထုတ် ပြန်ချက်တွင် ဖော်ပြခဲ့သည်။

TPLF အကြီးအကဲတစ်ဦးဖြစ်သူ ဂီတာ ချူးရီဒါကမူ မကြာသေးမီကဖြစ်ပွားခဲ့သည့် အခြေအနေများသည် ငြိမ်းချမ်းရေးသဘော တူညီချက်ကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေသည့် တစ်ယူသန်သည့် ရန်သူများ၏ လုပ် ဆောင်မှုများကြောင့်ဖြစ်ကြောင်း X လူမှုမီဒီယာတွင် ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။                                    Ref:AFP

Most Read

Most Recent