နိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ သုံးဦးကို ဖမ်းဆီးရမိဟု ရုရှားတာဝန်ရှိသူများ ပြောကြား

နိုင်ငံတောင်ပိုင်းတွင် တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူ သုံးဦးကို ဖမ်းဆီးရမိဟု ရုရှားတာဝန်ရှိသူများ ပြောကြား
မော်စကိုမြို့ပြင်တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့်  မီးလောင်ပျက်စီးခဲ့သည့် Corcus City ခန်းမကို တွေ့ရစဉ်(Photo:Reuters)
မော်စကိုမြို့ပြင်တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုများကြောင့်  မီးလောင်ပျက်စီးခဲ့သည့် Corcus City ခန်းမကို တွေ့ရစဉ်(Photo:Reuters)
Published 31 March 2024

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဖျော်ဖြေပွဲတစ်ခုတွင် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုကြောင့် လူ ၁၄၄ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် နိုင်ငံတောင်ပိုင်း၌ တိုက်ခိုက်မှုပြုလုပ်ရန် စီစဉ်နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရုရှားတာဝန်ရှိသူများက မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“ဗဟိုအာရှနိုင်ငံတစ်နိုင်ငံက နိုင်ငံသားသုံးဦးရဲ့ အကြမ်းဖက်အပြုအမူတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ်”ဟု FSB လုံခြုံရေးအေဂျင်စီ၏ ပြောကြားချက်ကို ရုရှားသတင်းဌာနများတွင်ဖော်ပြထားသည်။

သံသယရှိသူသုံးဦးသည် စထရက်ဗ်ရို ပိုလ်ဒေသရှိ အများပြည်သူနေရာတစ်နေရာတွင် စက်ပစ္စည်းတစ်ခုကို ဖောက်ခွဲခြင်းဖြင့် အကြမ်းဖက်လုပ်ရပ်တစ်ခု ကျူးလွန်ရန်ကြံစည်နေခြင်းဖြစ်သည်ဟု ၎င်းကထပ်မံပြော ကြားခဲ့သည်။

ရုရှားရုပ်မြင်သံကြား၌ FSB အေးဂျင့်များက ထုတ်ပြန်ထားသော အမျိုးသားအများအပြား၏ ဓာတ်ပုံများကို ဖော်ပြထားသည်။

လက်လုပ်ဗုံးတွင် ပါဝင်သည့်ပစ္စည်းအမျိုးအစားများနှင့် ဓာတုပစ္စည်းများကို သံသယရှိသူများမှ တစ်ဦး၏ နေအိမ်တွင်တွေ့ရှိခဲ့ သည်ဟု RIA Novosti သတင်းတွင် ဖော်ပြထားသည်။

စထရက်ဗ်ရိုပိုလ်ဒေသသည် ရုရှားနိုင်ငံတောင်ပိုင်း မြောက်ကော့ကေးဆပ်ဒေသတွင် တည်ရှိပြီး ဒါဂျက်စတန်နှင့် ချေချင်းညာဒေသတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။

မော်စကိုမြို့ပြင်ရှိ Crocus City ခန်းမတွင် ရော့ခ်ဂီတဖျော်ဖြေပွဲတစ်ခု၌ လူအုပ်စုလိုက် တိုက်ခိုက်ခံရမှုကြောင့် လူ ၁၄၄ ဦး ထက်မနည်းသေဆုံးခဲ့ပြီးနောက် သီတင်းတစ်ပတ်အကြာတွင် ယခုကဲ့သို့ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

သီတင်းတစ်ပတ်အကြာတွင် ယင်းအစု လိုက်အပြုံလိုက်သတ်ဖြတ်မှုကိုအစွန်းရောက် အစ္စလာမ်မစ်များက လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရက ပြောကြားခဲ့ပြီး တိုက်ခိုက်သူများဟု သံသယရှိသည့် တာဂျစ်ကစ္စတန်မှ လေးဦးအပါအဝင် လူ ၁၂ ဦးကို ဖမ်းဆီးခဲ့သည်။

သို့သော် ရုရှားကမူ ၎င်းနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းသည် ထိုတိုက်ခိုက်မှုနှင့်  အတွင်းကျကျ ပတ်သက်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ရုရှား၏ပြောကြားချက်ကို ယူကရိန်းနှင့် အနောက်မဟာမိတ်နိုင်ငံများက ငြင်းဆိုခဲ့ပြီး ထိုစွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ကမူ ရုရှားနိုင်ငံ မော်စကိုမြို့တော်တွင် လူစုလူဝေးပြုလုပ်သည့် နေရာများကို ပစ်မှတ်ထားဖွယ်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မတ်လအစောပိုင်းကတည်းက ရုရှားကို သတိပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

“အခုလအစောပိုင်းက အမေရိကန် အစိုးရဟာ မော်စကိုမှာ အကြမ်းဖက်တိုက်ခိုက် မှုအစီအစဉ်တစ်ခုနဲ့ပတ်သက်ပြီး သတင်းရရှိခဲ့ပါတယ်။ ဂီတခန်းမတွေ အပါအဝင် လူစု လူဝေးပြုလုပ်တဲ့ နေရာတွေကို တိုက်ခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းပါ။ အဲဒီသတင်းကိုလည်း ရုရှားအာဏာပိုင်တွေဆီ မျှဝေခဲ့ပါ တယ်”ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အက်ဒရီယန်နီဝပ်ဆန်က မတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားတွင် သမ္မတရွေးကောက်ပွဲမပြုလုပ်မီ ရက်ပိုင်းအလိုဖြစ်သည့် မတ် ၇ ရက်က အမေရိကန်သံရုံးသည် အစွန်းရောက်များ၏ အကြမ်းဖက်တိုက်ခိုက်မှုအစီအစဉ်ကို သတိပေးခဲ့ကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ Ref:AFP

Most Read

Most Recent