လူနာ ၉၀၀၀ ဝန်းကျင်သည် ဂါဇာမှ အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်နေဟု WHO ပြောကြား

လူနာ ၉၀၀၀ ဝန်းကျင်သည် ဂါဇာမှ အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်နေဟု WHO ပြောကြား
မတ် ၃၀ ရက်က အီဂျစ်နယ်စပ်ရှိ ဂါဇာတောင်ပိုင်း ရာဖာမြို့တွင် ပါလက်စတိုင်းရွှေ့ပြောင်းနေထိုင်သူများ၏ ယာယီတဲများကို တွေ့ရစဉ်(Photo:AFP)
မတ် ၃၀ ရက်က အီဂျစ်နယ်စပ်ရှိ ဂါဇာတောင်ပိုင်း ရာဖာမြို့တွင် ပါလက်စတိုင်းရွှေ့ပြောင်းနေထိုင်သူများ၏ ယာယီတဲများကို တွေ့ရစဉ်(Photo:AFP)
Published 31 March 2024

စစ်မက်ဖြစ်ပွားနေသည့် ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသတွင် အနည်းဆုံးအခြေအနေဖြင့် လည်ပတ်ဆောင်ရွက်နေသော ဆေးရုံ ၁၀ ရုံမျှသာရှိခြင်းနှင့်အတူ လူနာ ၉၀၀၀ ခန့်ကို အရေးပေါ်စောင့်ရှောက်မှုအတွက် ရွှေ့ပြောင်းပေးရန်လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အကြီးအကဲက မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

“ဂါဇာတစ်ဝန်းမှာ အနည်းဆုံးတတ်နိုင်သမျှ အခြေအနေနဲ့ လည်ပတ်နေတဲ့ဆေးရုံ ၁၀ ရုံသာရှိပြီး လူနာပေါင်းထောင်ချီဟာ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ရရှိဖို့ လိုအပ်နေပါတယ်”ဟု WHO အကြီးအကဲတက် ဒရိုအာဒါနွန်ဂီဘရီယေဆုက လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

စစ်ပွဲမတိုင်မီ ဂါဇာတွင် ဆေးရုံ ၃၆ ရုံရှိခဲ့သည်ဟု WHO ကဆိုသည်။

“လူနာ ၉၀၀၀ ဝန်းကျင်ဟာ ကင်ဆာရောဂါကုသဖို့၊ ဗုံးကြဲတိုက်ခိုက်မှုတွေကနေ ရရှိထားတဲ့ ဒဏ်ရာတွေ ကုသဖို့၊ ကျောက်ကပ်ဆေးဖို့နဲ့ အခြားနာတာရှည်ရောဂါတွေကို ကုသဖို့အပါအဝင် အသက်အန္တရာယ်ကိုကယ် တင်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့အတွက် ပြည်ပကို ပြောင်းရွှေ့ပေးဖို့အ ရေးတကြီးလိုအပ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းအရေအတွက်သည် မတ်လအစောပိုင်းက WHO ၏ယခင်အကဲဖြတ်ချင့်တွက်မှု ပမာဏဖြစ်သော လူနာ ၈,၀၀၀ မှ ပိုမိုမြင့် တက်လာခြင်းဖြစ်သည်။

ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို မကြုံစဖူးတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ဟားမာ့စ်အဖွဲ့ကိုနှိမ်နင်းမည်ဟု ကတိပြုပြောကြားခဲ့ပြီး ဂါဇာတွင် အညှာအတာကင်းမဲ့စွာဖြင့် ဗုံးကြဲတိုက်ခိုက်မှု များ လုပ်ဆောင်ခဲ့သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့သည်။

ပြင်းထန်သော မြေပြင်ထိုးစစ်ဆင်မှုများကိုလည်း သီတင်းပတ်ပေါင်းများစွာ ကြာလုပ်ဆောင်ခဲ့ပြီး လူထောင်ပေါင်းများစွာသည် တိုက်ပွဲများကြောင့် နေအိမ်များကိုစွန့်ခွာပြီး  လာရောက်ခိုလှုံနေကြသည့် ဂါဇာဆေးရုံများ တွင်လည်း ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့သည်။

ဂါဇာသည် အပြည့်အဝနီးပါး ပိတ်ဆို့ခံထားရပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂက ဂါဇာဒေသတွင်းရှိ လူ ၂ ဒသမ ၄ သန်းအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့မှုကို အစ္စရေးက တားဆီးပိတ်ပင်ထားသည် ဟု စွပ်စွဲပြောကြားခဲ့သည်။

ဟားမာ့စ်တို့၏ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူ ၁၁၆၀ ခန့် သေဆုံးခဲ့ပြီး သေဆုံးသူအများစုသည် အရပ်သားများဖြစ်သည်။

ပါလက်စတိုင်းစစ်သွေးကြွများသည် ဓားစာခံ ၂၅၀ ခန့်ကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သည်။ အစ္စရေးက ဂါဇာတွင် သေဆုံးသွားသည်ဟု ယူဆသူ ၃၄ ဦးအပါအဝင် ကျန်ဓားစာခံ ၁၃၀ ဝန်းကျင်ရှိမည်ဟု ယူဆထားသည်။

အစ္စရေး၏တန်ပြန်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးများအပါအဝင်လူ ၃၂,၇၀၅ ဦးသေဆုံးခဲ့သည်ဟု ဟားမာ့စ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

တက်ဒရိုက“ရာဖာကနေ ပြည်ပကိုပို့ ဆောင်ခဲ့တဲ့ လူနာ ၃၄၀၀ ကျော်ရှိပြီးနောက် ထပ်လူနာအများအပြားကို ရွှေ့ပြောင်းပေးဖို့ လိုအပ်နေပါတယ်။ အစ္စရေးအနေနဲ့ ရွှေ့ပြောင်းရေးအတွက် အမြန်အတည်ပြုပေးဖို့ တိုက်တွန်းလိုပါတယ်။အဲဒါမှသာအရေးပေါ် လူနာတွေကို ကုသပေးနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။               

Ref:AFP

Most Read

Most Recent