အနောက်အုပ်စု၏ ဆိုက်ဘာတိုက်ခိုက်မှုစွပ်စွဲချက်များကို တရုတ်က ပြင်းထန်စွာ ဝေဖန်ပြစ်တင်

အနောက်အုပ်စု၏ ဆိုက်ဘာတိုက်ခိုက်မှုစွပ်စွဲချက်များကို တရုတ်က ပြင်းထန်စွာ ဝေဖန်ပြစ်တင်
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင်ပြုလုပ်သည့် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 27 March 2024

အမေရိကန်နှင့် မဟာမိတ်နှစ်နိုင်ငံက တရုတ်သည် လွှတ်တော်အမတ်များနှင့် အဓိက ဒီမိုကရေစီ အင်စတီကျူးရှင်းများ ဆိုက်ဘာတိုက်ခိုက်ခံရမှုနောက်ကွယ်တွင် ရှိနေသည်ဟု စွပ်စွဲခဲ့ပြီးနောက် တရုတ်က ထိုစွပ် စွဲချက်များကို မတ် ၂၆ ရက်တွင် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ခဲ့သည်။

အမေရိကန်၊ ဗြိတိန်နှင့် နယူးဇီလန်တို့သည် ကြုံတောင့်ကြုံခဲဖြစ်ပြီး အသေးစိတ်ကျကျ လူသိရှင်ကြား စွပ်စွဲမှုတစ်ခုအဖြစ် ပြီးခဲ့သည့် ဆယ်စုနှစ် သို့မဟုတ် ဆယ်စုနှစ်ထက် ကျော်လွန်ခဲ့သည့် အချိန်ကာလများအတွင်း ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး တရုတ်ကို စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ထိုစွပ်စွဲချက်ကို မတ် ၂၆ ရက်တွင် တရုတ်က တုံ့ပြန်ခဲ့ရာတွင် မိမိတို့အနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှု ပုံစံမျိုးစုံကို ဆန့်ကျင်ကြောင်းနှင့် တိုက်ဖျက်နေကြောင်း၊ အမေရိကန်သည် တရုတ်ဟက်ကာများထံမှ ခြိမ်း ခြောက်မှုများနှင့်ပတ်သက်သည့် သတင်းအမှားများကို ဖြန့်ရန် FiveEyes သူလျှိုမဟာ မိတ်အဖွဲ့ကို အသုံးချနေကြောင်း ပြန်လည် စွပ်စွဲခဲ့သည်။

“တရုတ်ဟာ ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အဲဒီလိုဆန့်ကျင်တဲ့အကြောင်းကို အမေရိကန်နဲ့ သက်ဆိုင်ရာနိုင်ငံတွေကို ခိုင်မာစွာတင်ပြခဲ့ပါတယ်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်ကက ပြောကြားခဲ့သည်။

တရုတ်အနေဖြင့် မိမိတို့၏ တရားဝင်မှုရှိသည့် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်သည့်အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

မတ် ၂၅ ရက်က အမေရိကန်၏ စွပ်စွဲမှုတွင် တရုတ်၏ စီးပွားရေးဆိုင်ရာ သူလျှိုလုပ်မှုနှင့် ပြည်ပထောက်လှမ်းရေးရည်မှန်းချက်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်သည့် ၁၄ နှစ်ကြာ လျင်မြန်စွာ ပြန့်ပွားလာသည့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာစစ်ဆင်ရေး ဟု ခေါ်ဆိုထားသည့် အသေးစိတ်ကျသည့် စွပ်စွဲမှုများကို ဖော်ပြထားသည်။

ထိုဆိုက်ဘာလှုပ်ရှားမှုတွင် အမေရိကန်နှင့် ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများနှင့် ဂျာနယ်လစ်များကို ပစ်မှတ်ထားသည့် အီးမေးလ် ၁၀၀၀၀ ကျော် ပေးပို့မှုများပါဝင်ခဲ့သည်ဟု အမေရိကန်လက်ထောက်ရှေ့နေချုပ် လီဆာမိုနာကိုက မတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

APT3 1အမည်ရှိ အဖွဲ့သည် တရုတ်၏ သြဇာကြီးမားသည့် နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာနက ကြီးကြပ်သည့် ဆိုက်ဘာသူလျှိုလုပ်မှု အစီအစဉ်တစ်ခုအဖြစ် ဆိုက်ဘာတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင်ရှိခဲ့ကြောင်း အမေ ရိကန်က ပြောကြားခဲ့သည်။

ထို့ပြင် အီးမေးလ်အကောင့်များ၊ cloud storage အကောင့်များနှင့် ဖုန်းဆက်သွယ်မှု မှတ်တမ်းများထဲကို ဝင်ရောက်မှုဖြင့် ဟက်ကာခုနစ်ဦးကို တရားစွဲဆိုထားကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။

အမေရိကန်၏ ပြောကြားချက် ထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဗြိတိန်ကလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အလားတူ APT3 1 အဖွဲ့သည် တရုတ်၏ မူဝါဒများကို ဝေဖန်သူအများစုအပါအဝင် ဗြိတိန်လွှတ်တော်အမတ်များ၏ အကောင့်များကို ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ နယူးဇီလန်နိုင်ငံကလည်း ဆိုက်ဘာတိုက်ခိုက်မှုအတွက် တရုတ်အစိုးရက စပွန်ဆာပေးထားသည့် APT4 0 အဖွဲ့ကို  ဝေဖန်ပြစ်တင်ခဲ့သည်။

Ref:AFP